သတင်း

ဦးရွှေမန်း ကော်မရှင် သက်တမ်းတိုးမှု တပ်မတော် ကန့်ကွက်

Want create site? Find Free WordPress Themes and plugins.

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွှတ်မှုမရှိဘဲ ဖွဲ့စည်းထားသဖြင့် ယင်းကော်မရှင် သက်တမ်းတိုးခြင်းကို တပ်မတော်က ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်လိုက်သည်။

ယခုကဲ့သို့ ကန့်ကွက်ခြင်းနှင့် လွှတ်တော်တွင်း တပ်မတော်၏ ဆောင်ရွက်ချက်များသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ မူဝါဒ လမ်းညွှန်ချက်များနှင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး တပ်မတော်သား အားလုံး၏ကိုယ်စား အထက်ပါကော်မရှင်ကို ကန့်ကွက်ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် မောင်မောင်က ပြောဆိုသည်။

“ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီလို့ ကျနော်တို့ ကန့်ကွက်နေတာပါ။ ကော်မရှင်က ဖွဲ့စည်းပုံနဲ့ ညီ၊မညီ ခုံရုံးကို တင်ပြနေတုန်းမှာ အခုလို ကော်မရှင် သက်တမ်းထပ်တိုးပေးတာမျိုးကတော့ မလုပ်သင့်ပါ ဘူး”ဟု ၎င်းက လွှတ်တော်ခေတ္တရပ်နားစဉ် သတင်းထောက်များကို ပြောသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တွင် ကော်မရှင်များ ဖွဲ့စည်းခြင်းသည် လွှတ်တော်၏ သက်ဆိုင်ရာ ကော်မတီများက ပေးပို့သည့် အကြောင်းအရာများမှအပ ကျန်အကြောင်းအရာများကို လေ့လာရန်အတွက် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ ကော်မရှင်၏ ဆောင်ရွက်ခြင်းများသည် လွှတ်တော် ကော်မတီများကဲ့သို့အမြဲတမ်း ဆောင်ရွက်ခြင်း မဟုတ်ဘဲ ယာယီသဘော ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း တပ်မတော်က ပြောသည်။

သို့သော် အမျိုးသား ဒီမိုကရေဒီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များကမူ ဦးရွှေမန်း ကော်မရှင် သက်တမ်းတိုးသည့် ကိစ္စမှာ ဥပဒေနှင့်အညီဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံတွင် ကော်မရှင် ဖွဲ့စည်းရန် မပါဝင်သော်လည်း ပြည်ထောင်စုလွှတ်တော် နည်းဥပဒေတွင် ကော်မရှင် ဖွဲ့စည်းခွင့် ပြုထားကြောင်း ဧရာဝတီသို့ ပြောသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်၏ လက်ရှိဆောင်ရွက်နေသည့့် ဥပဒေများ ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ပြန်လည်ရေးဆွဲရန် လုပ်ဆောင်နေသည့် ကိစ္စများသည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကော်မတီများမှ ဆောင်ရွက်ရမည့် ကိစ္စများဖြစ်၍ ဖွဲ့စည်းပုံနှင့်မညီကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်တဦးကလည်း “တပ်မတော်ကတော့ ဖွဲ့စည်းပုံနဲ့ နည်းနည်းလေး လွဲတာမျိုးရှိတာနဲ့ သူက လိုက်ထိန်းကျောင်းနေမှာပဲ။ သူ့အလုပ်က ဖွဲ့စည်းပုံကို ကာကွယ်ဖို့ဆိုတော့ ဒီလိုပဲ လိုက်လုပ်နေမှာပဲ။ အဓိကကတော့ ဖွဲ့စည်းပုံကို မကျော်လွန်ဖို့ပဲ လိုတာ။ ဖွဲ့စည်းပုံမှာက ကော်မရှင် မဖွဲ့နဲ့လို့လည်း မပါဘူး။ ဖွဲ့လို့လည်း မပါဘူး”ဟု ပြောသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းရာတွင် ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၇ (ခ)၊ ၇(ဂ) ၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၁၅ တို့အရ ဖွဲ့စည်းကြောင်း ဖော်ပြထားသည်ဟု သိရသည်။
ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “ကော်မရှင်ဖွဲ့ဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မပါပေမယ့် ပြည်ထောင်စု လွှတ်တော် နည်းဥပဒေမှာ ပါတယ်။ ကော်မရှင်တရပ် အနေနဲ့ ဥပဒေတွေ ပြုနိုင်အောင် အကြံပေးတာဟာ ဥပဒေနဲ့ ညီတာပဲ”ဟု ဧရာဝတီသို့ ပြောသည်။

သူရ ဦးရွှေမန်း ဦးဆောင်သည့် ကော်မရှင် သက်တမ်းတိုးခြင်းကို ကန့်ကွက်သူ ရှိနေသဖြင့် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေးခွင့် ရှိသူ ၅၄၃ဦးတွင် ထောက်ခံသူ ၃၃၃ ဦး၊ ကန့်ကွက်သူ ၁၈၉ဦးနှင့် ကြားနေသူ ၆ ဦးတို့ ရရှိရာ ထောက်ခံသူများသဖြင့် ယင်းကော်မရှင်ကို ပြည်¬ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

ဦးရွှေမန်း ဦးဆောင်သည့် ကော်မရှင်ကို ဖွဲ့စည်းရာတွင် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ၂၀၁၄ ခုနှစ် ပြည်ထောင်စု ဥပဒေအမှတ် ၂ နှင့် ပြဋ္ဌန်းထားခြင်းဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွှတ်ခြင်း ရှိ/မရှိ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ သဘောထားချမှတ်ပေးရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၀ ဦးက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ခုံရုံးသို့ တင်ပြထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading