သတင်း

ဦးကိုနီ အမှု သတင်းစာရှင်းလင်းပွဲ ဝေဖန်ခံနေရ

Want create site? Find Free WordPress Themes and plugins.

NLD ဗဟိုအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အာဏာပိုင်တွေဘက်က ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဝေဖန် သုံးသပ်မှု များစွာရှိနေပါတယ်။

“လူငယ်သဘာဝ မျိုးချစ်စိတ်ကြောင့် အစွန်းရောက်သွားတာ”၊ “လုပ်မှာမဟုတ်ဘူး” ဆိုတဲ့ စတဲ့ အာဏာပိုင်တွေရဲ့ ဖြေကြားချက်တွေအပေါ် ဝေဖန်နေကြတာပါ။

အထက် မြန်မာပြည် ရှေ့နေ ကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက “ဒါသည် နိုင်ငံရေး လူသတ်မှု ဖြစ်တယ်။ အကြမ်းဖက်မှု မဟုတ်ဘူးဆိုပြီး ပြောနေတာက အုပ်ချုပ်ရေးက တရားစီရင်ရေးကို စွတ်ဖက်နေသလိုပဲ။ ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်က ဒီဟာနဲ့ုပုဒ်မပဲ တပ်မယ်ဆိုတာ မဟုတ်သေးဘူး။ ဘုန်းကြီးဖြစ်လို့ မသတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်မို့ မသတ်ပါဘူး ပြောနေတာက သူ့အလုပ်မဟုတ်ဘူး။ အကုန်ထည့်သွင်း စဉ်းစားရမှာ။ နှပ်ကြောင်း ပေးနေလို့ မရဘူး၊ အခုက ပေါ့ပျက်ပျက် ဖြစ်အောင် လုပ်တာ။ ရည်ရွယ်ချက်ကို ပျောက်အောင် လုပ်တာ” လို့ ဧရာဝတီကို ပြောပါတယ်။

ဆက်လက်ပြီး ၎င်းက “ဒုဗိုလ်မှူးကြီး၊ ဗိုလ်ကြီး တယောက်ရဲ့ ရတဲ့ လခနဲ့ သိန်းထောင်ချီ သုံးနိုင်တယ်ဆိုတော့ အခွန်ထမ်း နေသလား။ ငွေဖြူ ခဝါချ နေသလား။ အဲဒီ ပိုက်ဆံတွေ ဘယ်က ရသလဲ။ အိမ်တွေ ဘယ်လိုပိုင်သလဲ။ လုပ်ငန်းတွေက ဘယ်လိုဖြစ်လာသလဲ ဆိုပြီး လွတ်လွတ်လပ်လပ် စဉ်းစားဖို့လိုတယ်။ ပိုင်ဆိုင်မှုတွေက အများကြီးဆိုတာ ပေါ်နေတယ်လေ” လို့ သုံးသပ်ပါတယ်။

ရန်ကုန်မြို့ မူးယစ်ဆေးဝါး ပြတိုက်မှာ ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်ခဲ့တဲ့ ရှင်းလင်းပွဲမှာ ပြည်ထဲရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်း တို့က မျိုးချစ်စိတ် အစွန်းရောက်မှုကြောင့်၊ အယူအဆ မတူ ကွဲပြားမှုကြောင့်သာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ရဲဆိုတာ ဆုံးဖြတ်ချက် ချလို့ မရဘူး။ ထင်မြင်ချက် ပေးလို့မရဘူး။ တရားရေးရာ အပိုင်းက လွတ်လွတ်လပ်လပ် ဖော်ထုတ်ရမယ့် ကိစ္စ ဖြစ်တယ်။ မလိုအပ်ဘဲ ပြောလိုက်တာက လူမျိုးရေးကို လှုံ့ဆော်သလားလို့ မေးခွန်းထုတ်စရာပဲ။ မျိုးချစ်စိတ်ရှိတယ်လို့ ပြောခဲ့တဲ့ လူကြီး တယောက်အနေနဲ့ အံ့သြစရာပဲ” လို့ တရားလွှတ်တော် ရှေ့နေ ဦးတင်သန်းဦးကလည်း သုံးသပ်ပါတယ်။

စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ ဖမ်းဆီးရမိထားတဲ့ တရားခံတွေကို စစ်ဆေးချက်တွေအရ လွတ်မြောက်နေသေးသူ အောင်ဝင်းခိုင်ကို နေပြည်တော်ရှိ ဥပါတသန္တိစေတီ အနီးတဝိုုက် ပျောက်ဆုံုးတိမ်းရှောင်သွားကြောင်း၊ ဒီလုပ်ကြံမှု ဖြစ်မြောက်ဖို့ သိန်း ၁၄၀၀ ကျော် သုံးစွဲခဲ့တဲ့ ပြီး ငွေကြေးအားလုံးကို လက်ရှိ ဖမ်းဆီးခံထားရသူ ဇေယျာဖြိုး တဦးတည်းက ထုတ်ပေးခဲ့ကြောင်း၊ တပ်မတော်က ထွက်ခဲ့တဲ့ အရာရှိတွေကို ခိုင်းသွားတာဟာဆိုရင် တပ်မတော်နဲ့ ပြည်သူကို ကွဲစေချင်တဲ့ ဆန္ဒဖြစ်တာမို့ ဒါဟာ နောက်ကွယ်က ကြိုးကိုင်သူတွေ ရှိနေတယ်လို့ ယူဆချက်ကို အတည်ပြုပေးတဲ့ တင်ပြချက်များကို အများပြည်သူက ကြားသိခဲ့ရပါတယ်။

ဇေယျာဖြိုးဟာ တပ်မတော် ထောက်လှမ်းရေး တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမယ့် တပ်မတော် ထောက်လှမ်းရေးဟောင်းတွေ နောက်ထပ် ပါဝင်မှု ရှိ မရှိ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ခြင်း မရှိသလို သတ်ဖြတ်မှုဟာ “အစွန်းရောက် မျိုးချစ်စိတ်”ကြောင့်လို့ ပြောဆိုပေမယ့် ဒီစိတ်တွေ ဘာကြောင့်ဖြစ်တည်ခဲ့ရသလဲဆိုတာကို ဦးကိုနီရဲ့ နိုင်ငံရေး ပြောဆိုချက်တွေကြောင့်လို့လည်း ဆိုသွားပါတယ်။

NLD ဗဟို အကြံပေး ဦးဝင်းထိန်ကတော့ “ဒီသတင်းစာရှင်းလင်းပွဲဟာ ပြဿနာကို ယပ်ခတ်ပြီးတော့၊ မီးလောင်ရာ ယပ်ခတ်ပြီးတော့ လုပ်တယ်လို့ အန်ကယ် ယူဆတယ်။ ဒီပွဲက ကောင်းကောင်း အကြံအဖန် လုပ်ပြီးတော့မှ လုပ်ကြံတဲ့ပွဲ” လို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ က တော်ဝင်နှင်းဆီမှာ ပြုလုပ်တဲ့ ဦးကိုနီ တလပြည့် အောက်မေ့ဖွယ် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

စနေနေ့ သတင်းစာရှင်းလင်းပွဲအကြောင်း တနင်္ဂနွေ အောက်မေ့ဖွယ် အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက် မပေးပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ကျန်ရစ်သူ နှစ်ဘက် မိသားစုဝင်များနဲ့ သီးသန့်တွေ့ဆုံပြီး အားပေးစကား ပြောတဲ့အပြင် NLD အဖွဲ့ချုပ်တွင် ဦးကိုနီ၊ ဦးနေဝင်း ကဲ့သို့ ပုဂ္ဂိုလ်များ ပါဝင်ခဲ့ခြင်းက ကျေနပ်စရာ၊ ဂုဏ်ယူစရာ ကိစ္စ တခု ဖြစ်သည့်အတွက် မည်သည့်အခါမှ မမေ့ပါကြောင်း ပြောပါတယ်။

“ကိုယ်မလုပ်သင့်တဲ့၊ မလုပ် ထိုက်တဲ့ ကိစ္စတွေ၊ ရာဇဝတ်မှုတွေ၊ အပြစ်တွေ၊ သူတစ်ပါးကို ထိပါးစေတဲ့ အလုပ်တွေကို လုပ်ချင်တိုင်းလုပ်ပြီး လွတ်လွတ်လပ်လပ်နဲ့ ပြေးချင်တိုင်း ပြေးလို့ ရတယ်ဆိုတာ ဒါ မဖြစ်သင့်ဘူး။ တရားဥပဒေစိုးမိုးတဲ့ အသိုင်းအဝိုင်းမှာ ဒါမျိုးဟာ မဖြစ်သင့်ဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ ဦးနေဝင်းက လုပ်တယ်လို့ ကျမ ယုံကြည်တယ်” လို့ ဦးကိုနီကို သတ်အပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့ သေနတ်သမား ကြည်လင်းကို အုတ်နီခဲနဲ့ ပစ်ပြီး ဖမ်းဆီးဖို့ ကြိုးစားရင်း သေနတ်မှန် သေဆုံးရတဲ့ ဦးနေဝင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုပြောဆိုပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက ဦးကိုနီ တလပြည့် အောက်မေ့ဖွယ် အခမ်းအနား မပြုလုပ်ခင် တရက်အလိုမှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ လက်ရှိအချိန်ထိ အမှုနဲ့ပတ်သက်ပြီး ကြည်လင်း(ခ) ဖိုးထူး၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ကို ဖမ်းဆီး စစ်ဆေးနေပြီး အောင်ဝင်းခိုင်ကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ အမှုနဲ့ ဆက်စပ်ပြီး အမျိုးသား ၇၂ ဦး၊ အမျိုးသမီး ၂ ဦးကိုလည်း ခေါ်ယူစစ်ဆေးခဲ့ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

အဲဒီအထဲမှာ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့နဲ့ ရင်းနှီးသူ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းကိုလည်း ၂ ကြိမ်တိုင်တိုင် ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

“လူမှုကွန်ရက် မီဒီယာတွေမှာ တက်တာတဲ့ ပုံတွေအရ၊ ယူဆချက်တွေအရ လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ သံရုံးကောင်စစ်ဝန် ဦးဇော်ဇော်စိုး၊ သံမှူး ဦးကျော်ဇေယျတို့ကို ဟောင်ကောင်ကနေ မြန်မာကို ခေါ်ယူစစ်ဆေးခဲ့တဲ့အခါ လုပ်ငန်းတူ အပတ်စဉ်တူ ဖြစ်ပြီး အမှုနဲ့ ပတ်သက်လို့ စစ်ဆေးပေါ်ပေါက်မှု မရှိခဲ့ပါဘူး” လို့ ရဲချုပ် ဇော်ဝင်းက ပြောပါတယ်။

နိုင်ငံတော် အဆင့် ခရီးစဉ်မှ ပြန်လာသူ ဦးကိုနီကို ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ခြင်း ဖြစ်သော်လည်း တရားခံများ ဖြစ်သည့် ကြည်လင်း (ခ) ဖိုးထူးအား ပုဒ်မ ၃၀၂၊ လဝကအက်ဥပဒေ၊ လက်နက်မှုများ၊ အောင်ဝင်းဇော်ကို ပုဒ်မ ၃၀၂၊ ၁၉ (ခ)၊ ဇေယျာဖြိုးကို ပုဒ်မ ၃၀၂၊ ပုဒ် ၆၇၊ ၄၂၀၊ ၄၆၈၊ အောင်ဝင်းခိုင်ကို ပုဒ်မ ၃၀၂ စသည့် ရာဇသတ်ကြီး ပုဒ်များဖြင့်သာ အမှုဖွင့်ထားတယ်လို့ သိရပြီး တရားခံတွေကို ဘယ်တရားရုံးမှာ ရုံးထုတ်မယ်။ ဘယ်တော့ ရုံးတင်မယ်ဆိုတာတွေကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading