အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥပဒေ အကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး မိမိအား လူမှုကွန်ရက်များ၌ စွပ်စွဲပြောဆို ရေသားနေသူများကို အသေရေဖျက်မှု ပုဒ်မ ၅၀၀၊ အီလက်ထရောနစ် ဥပေဒ ၆၆ (ဃ) တို့ဖြင့် တရားစွဲဆိုသွားမည်ဟု မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ပြောသည်။
“အခုလည်း ကိုယ့်မိသားစုပုံတွေ ဘာတွေနဲ့ တင်နေကြတယ်။ ကိုယ့်မှာလည်း နိုင်ငံသား အခွင့်အရေးဆိုတာ ရှိတယ်။ ကိုယ်နဲ့ပတ်သက်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ လက်ရှိပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကို သက်သက် သိက္ခာကျအောင် လုပ်လာမယ်ဆိုရင် ဥပဒေအတိုင်း ဆက်ပြီးဆောင်ရွက်သွားမယ်” ဟု ၎င်းက ယနေ့လွှတ်တော်အပြီးတွင် သတင်းမီဒီယာများကို ပြောသည်။
ဦးကိုနီလုပ်ကြံမှု၌ ပါဝင်ခဲ့ကြသည့် ဦးအောင်ဝင်းခိုင်၊ ဦးဇေယျာဖြိုးတို့နှင့် အတူတွဲရိုက်ထားသည့် ဓာတ်ပုံမှာ ဟောင်ကောင်သို့ ကလေးဘွဲယူရန် လိုက်သွားစဉ်က လေဆိပ်တွင် တွေ့သဖြင့် ဓာတ်ပုံအတူတွဲရိုက်ခြင်းသာ ဖြစ်ကြောင်း၊ လူမှုကွန်ရက်များ၌ ပျံနှံနေသည့် ၎င်းပုံကိုကြည့်၍ မလိုလားသူများက မမှန်သတင်းများ ပြောနေခြင်းသာ ဖြစ်သည်ဟု ဦးလင်းဇော်ထွန်းက ဆိုသည်။
ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်း မတိုင်မီ ရန်ကုန်မြို့ရှိ တာမွေမြို့နယ်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်တွင် ဦးအောင်ဝင်းခိုင်၊ ဦးဇေယျာဖြိုးတို့နှင့် မကြာခဏ အတူတူထိုင်လေ့ရှိသော်လည်း ၎င်းတို့က ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မည့်ကိစ္စကို ၎င်း၏ရှေ့တွင် ပြောဆိုခဲ့ခြင်းမရှိကြောင်း ဦးလင်းဇော်ထွန်းက ဆက်ပြောသည်။
“ခင်မင်တာ ရင်းနှီးတာပဲ ရှိတယ်။ လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတာကလည်း အတူတူထိုင်ကြတာ။ တပတ်စဉ်တည်း သူငယ်ချင်းဖြစ်တဲ့အတွက် ခင်မင်တာ ရင်းနှီးတာပဲဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး ထွက်လာတဲ့ ကောလဟလကြောင့် ပြည်ထဲရေး ဝန်ကြီးဌာနကနေ ကိုယ့်ကိုခေါ်မေးပြီးသွားပြီ” ဟု ဦးလင်းဇော်ထွန်းက ပြောသည်။
မော်ဒန်လက်ဖက်ရည်ဆိုင်တွင် ၎င်းတို့ ၂ ဦးတည်း သာမကဘဲ နိုင်ငံရေး သမားများ၊ စီးပွားရေး သမားများနှင့် ဗေဒင်ဆရာများနှင့်ပါ အတူထိုင်လေ့ရှိပြီး၊ ထိုသူအားလုံးကို ပြည်ထဲရေး ဝန်ကြီးဌာနက ခေါ်ယူစစ်ဆေးပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“သူတို့က စီးပွားရေးသမားတွေ ကိုယ်တွေထက်ပိုပြီးတော့ အမြင်ကျယ်တယ်။ ကိုယ်တွေက သူတို့နဲ့ လက်ဖက်ရည်ဆိုင် သွားထိုင်တယ်ဆိုုတာ သူတို့ဆီက နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေ သိချင်တယ်။ ဝမ်းစာဖြည့်တဲ့ အနေနဲ့ သွားထိုင်တာ။ အားတဲ့အချိန်လေးမှာ သွားထိုင်တာ” ဟု ဗိုလ်မှူးဟောင်း လင်းဇော်ထွန်းက ပြောသည်။
ဗိုလ်မှူးဟောင်း လင်းဇော်ထွန်းသည် ဦးကိုနီ လုပ်ကြံမှုတွင် အဓိကပါဝင်ခဲ့သူ ဦးအောင်ဝင်းခိုင်နှင့် စစ်တက္ကသိုလ် အပတ်စဉ် ၃၆ ၌ အတူတက်ရောက်ခဲ့သူဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီအထိ ဗိုလ်မှူးအဆင့်ဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံတွင် ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ထို့အပြင် လူမှုကွန်ရက်များတွင် ပျံ့နှံနေသည့် ဦးဇေယျဖြိုးကို ကျပ် သိန်း ၃၀၀ လွှဲပြောင်းပေးခြင်း လုံးဝမရှိဘဲ ၂၀၁၅ ရွေးကောက်ပွဲ ဝင်စဉ်က ဦးလင်းဇော်ထွန်းကို မျက်စိခွဲရန် သူတို့ကပင် ငွေကြေးတချို့ လှူဒါန်းခဲ့သည်ဟု ၎င်းက မီဒီယာများကို ပြောသည်။
ဦးလင်းဇော်ထွန်းကို ရဲတပ်ဖွဲ့နှင့် သတင်းတပ်ဖွဲ့က ၂ ရက် ဆက်တိုက် ခေါ်ယူစစ်ဆေးခဲ့ပြီး၊ ၎င်းသိသမျှ အရာအားလုံးကို ပြောဆိုခဲ့ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက ၎င်းနှင့် ပတ်သက်မှု မရှိဟု သုံးသပ်ထားပြီးဖြစ်ကြောင်း ပြောသည်။
“ သူတို့ မေးတဲ့အခါမှာလည်း သိသမျှကို အကုန်လုံး ဖြေခဲ့တယ်။ ဖြေခဲ့ပြီးတော့မှ ဒါသတင်းစာရှင်းလင်းပွဲ လုပ်တဲ့အချိန်မှာ ပတ်သက်မှု မရှိဘူးဆိုတာကို ပြည်ထဲရေး ဝန်ကြီးဌာနက ပြောတာဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ ဘာမှပြောစရာ မရှိဘူး” ဟု ဦးလင်းဇော်ထွန်းက ဆိုသည်။
ဦးကိုနီသည် လူတော်တယောက် ဖြစ်ကြောင်း၊ ဥပဒေကိုလည်း နှံစပ်ကျွမ်းကျင်သူ တဦးဖြစ်ပြီး ၎င်းရေးသည့် စာအုပ်များကို ဖတ်ဖူးသည့်အပြင် ၎င်း၏ဟောပြောချက်များကို နားထောင်ဖူးကြောင်း ဦးလင်းဇော်ထွန်းက ဆက်ပြောသည်။
“ဒီလိုမျိုး ဖြစ်တဲ့ဟာလည်း ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စ ဖြစ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်ကိုလည်း မေးတယ်။ ဒါသက်သက်ဆွဲပြီး ဖွတာ။ သူတို့သည် သာမာန်ဆိုရင်တော့ လူကောင်းတွေလို့ ပြောရမှာ။ အခုလို ပါဝင်ပတ်သက်တာ ဆိုရင်တော့လည်း မပြောတတ်ဘူး” ဟု ၎င်းက ဆိုသည်။
ယခုဖြစ်စဉ်တွင် တပ်မတော် အရာရှိဟောင်းများ ပါဝင်နေကြောင်းနှင့် တပ်မတော်မှ အနားယူပြီးသူများက ယခုကဲ့သို့ လုပ်ဆောင်သည်ဆိုသည့် အမြင်မျိုးကို လက်မခံကြောင်း၊ မဘသနှင့် ပတ်သက်မှု မရှိဘဲ မိရိုးဖလာထက်ပိုသည့် ဗုဒ္ဓဘာသာဝင်တဦး ဖြစ်သဖြင့် ဆရာတော်တိုင်းကို ကိုးကွယ်ကြောင်း ၎င်းက ပြောသည်။
“ဒီအမှု မြန်မြန်ပေါ်ပါစေလို့ ဆုတောင်းတယ်။ မြန်မြန်ပေါ်မှ သံသယတွေလည်း ရှင်းသွားမှာ”ဟု ဗိုလ်မှူးဟောင်း လင်းဇော်ထွန်းက ပြောဆိုသည်။