ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်ရုံဇုန်ရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံများ ဖျက်ဆီးခံရခြင်းနှင့် စက်ရုံ တာဝန်ခံများ ထိန်းသိမ်းခံရခြင်းက မြန်မာနှင့် အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံအကြား မျက်နှာပျက်စရာ ဖြစ်စေခဲ့ပြီး မြန်မာနိုင်ငံတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို သည်းမခံနိုင်ခြင်း ရှိနေကြောင်း ဖော်ပြနေသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်မြို့ရှိ တရုတ် နိုင်ငံသားပိုင် ဟန်ကျိုးပိုင်ရီ အထည်ချုပ် စက်ရုံ (Hangzhou Baiyi Textile and Garment) တွင် ရာနှင့်ချီသော မြန်မာအလုပ်သမားက တရုတ်လူမျိုး မန်နေဂျာ ၇ ဦး အခန်းတခုထဲတွင် နာရီများစွာ ပိတ်လှောင်ကာ ပြတင်းပေါက်နှင့် တံခါးများ၊ စက်ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း တရုတ်နိုင်ငံမှ သတင်းများတွင် ဖော်ပြခဲ့သည်။
ပထမဆုံးအနေဖြင့် စက်ရုံ၏ တန်ဖိုးရှိ ပစ္စည်းများ အားလုံး ဖျက်ဆီးခံခဲ့ရကြောင်း တရုတ်မန်နေဂျာ၏ ရေးသားချက်များ အွန်လိုင်းပေါ်တွင် ပေါ်ပေါက်လာပြီးနောက် နယ်မြေရဲတပ်ဖွဲ့ ညှိနှိုင်းမှုကြောင့် အလုပ်သမားများက တရုတ်လူမျိုးများကို ပြန်လွှတ်ပေးခဲ့သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ရန်ကုန် အခြေစိုက် တရုတ်သံရုံးက မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တို့မှ တာဝန်ရှိသူများကို အရေးပေါ် ဆက်သွယ်ကာ တရုတ်နိုင်ငံသားများ၏ အသက် အန္တရာယ်နှင့် တရုတ်ကုမ္ပဏီများ၏ ဥစ္စာဓန လုံခြုံမှုကို ကာကွယ်ထိန်းသိမ်းကာ ကျူးလွန်သူများကို အရေးယူပေးရန် တောင်းဆိုခဲ့သလို၊ လူသိရှင်ကြားလည်း ပြစ်တင်ဝေဖန်သည့် ကြေညာချက်တစောင်ကို ရန်ကုန်အခြေစိုက် တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။
မြန်မာအစိုးရကလည်း တရုတ်ဝန်ထမ်းများ၏ လုံခြုံမှုနှင့် အခွင့်အရေးကို ကာကွယ် ထိန်းသိမ်းမည်ဖြစ်ပြီး သက်ဆိုင်ရာ ပြဿနာကိုလည်း အလျင်အမြန် ကိုင်တွယ်မည်ဟု အကြောင်းပြန်ခဲ့သည်။
ထို့နောက် တရုတ်သံရုံးက အဆိုပါ စက်ရုံများသို့ သွားရောက် ကြည့်ရှုကာ မြန်မာ တရားဥပဒေ စိုးမိုးရေးဌာနအား ပုံမှန်အခြေအနေ အမြန်ဆုံး ရောက်ရှိရေး ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ ဗဟိုကော်မတီဝင် ကိုအောင်ကျော်ကမူ “ကျနော်တို့လည်း စာထုတ်မှာပေါ့၊ ဒါတွေက ကျနော်တို့ ဥပဒေနှင့်အညီ ပြန်ရှင်းတာကို သူတို့လက်မခံတာကြောင့် နောက်ဆက်တွဲဖြစ်ရတဲ့ ပြဿနာတွေပါ၊ လက်ရှိ အခြေအနေမှာ တုံ့ပြန်သွားမယ်” ဟု ဧရာဝတီ သို့ ပြောသည်။
အဓိကရုဏ်း ဖြစ်ရခြင်း အကြောင်းရင်းကို ဖော်ပြရာတွင် South China Morning Post က အလုပ်သမားတဦး အလုပ်ဖြုတ် ခံရ၍ အလုပ်သမားများ ဒေါသထွက်ခဲ့ကြောင်း၊ အလုပ်သမားများ စက်ရုံကို စတင်မွှေနှောက်ခြင်း မပြုမီ နံနက် ၇ နာရီခန့် ကတည်းက လုံခြုံရေးကင်မရာများ အလုပ် မလုပ်တော့သည်ကို တွေ့ရကြောင်း၊ ထို့အတွက် စနစ်တကျ ပူးပေါင်းဆောင်ရွက်မှု ရှိသည်ကို တွေ့ရကြောင်း ဆိုသည်။
ဧရာဝတီ၏ မေးမြန်းစုံစမ်းချက်အရ ဖေဖော်ဝါရီ ၁ ရက်ခန့်က စတင်ကာ ဟန်ကျိုးပိုင်ရီ အထည်ချုပ် စက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုသက်ပိုင်ဦးကို အလုပ်ထုတ်ခဲ့သဖြင့် အလုပ်သမား ခေါင်းဆောင်ပြန်ခန့်ရေး၊ အလုပ်သမားများ၏ အလုပ်လုပ်နိုင်သည့် အားထက် ပိုမိုလုပ်ဆောင်ခိုင်းသည့် ကိစ္စများ၊ တရုတ်နိုင်ငံသားများ တိုက်ရိုက်အုပ်ချုပ်ခြင်း မပြုရေး စသည့် တောင်းဆိုမှုများဖြင့် အလုပ်သမား ၅၀၀ ခန့်က ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့သည်။
သို့သော် ဖေဖော်ဝါရီ ၂၀ ရက်ကျော်သည် အထိ ညှိနှိုှုင်းမှု မပြေလည်ခဲ့ပဲ ဖေဖော်ဝါရီ ၂၃ ရက်တွင် တရုတ်နိုင်ငံသား ၇ ဦးကို အခန်းတွင် ပိတ်လှောင်ကာ အလုပ်သမားများက စက်ရုံရှိ ပစ္စည်းများစွာကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
စက်ရုံတာဝန်ရှိသူများနှင့် ဆန္ဒပြအလုပ်သမားများ သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။