ရန်ကုန် စက်မှုဆိပ်ကမ်း(MIP) မှ စတင်ကာ ပြည်ပတင်ပို့မည့် တရားမဝင်သစ်များ ကွင်းဆက်ဖမ်းမိမှု နှင့်ပတ်သက်ပြီး သစ်တောဌာန ဝန်ထမ်းများ ပါဝင်ပတ်သက်မှု ရှိ မရှိကို ဌာနတွင်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သစ်တောရေးရာ ဦးစီးဌာနမှ သတင်း ရရှိသည်။
အလုံမြို့နယ်ရှိ MIP ဆိပ်ကမ်းအတွင်း ကွန်တိန်နာများထဲမှ ပြည်ပတင်ပို့မည့် တရားမဝင်သစ်များကို ဇန်နဝါရီ ၂၄ ရက် က စတင် ဖမ်းဆီးရမိပြီးနောက် ကွင်းဆက်အဖြစ် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်းနှင့် တောင်ဒဂုံ မြို့နယ်များမှ သစ်တန် ၁၅၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ရန်ကုန်မှတဆင့် ပြည်ပသို့ တင်ပို့မည့်သစ်များ ဖမ်းဆီးခံရမှုကြောင့် လမ်းကြောင်းပြောင်းသည့် အနေဖြင့် မွန် ပြည်နယ် ပင်လယ် ထွက်ပေါက်များမှတဆင့် ပြည်ပပို့ရန် သယ်ဆောင်လာသည့် တရားမဝင် သစ်များကို ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် မော်လမြိုင်မြို့နယ် ရန်ကုန်-မုဒုံကားလမ်းပေါ်တွင် ၁၂ ဘီးယာဉ် ၇ စီး၊ ယာဉ်ပေါ် ပါသူ ၁၀ ဦး နှင့်အတူ ပိတောက်သစ် တန် ၅၀ ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။
ဖမ်းဆီးရမိသည့် သစ်များမှာ လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်မှ တင်ဆောင်လာခြင်း ဖြစ်ပြီး ဆက်လက် ဖော်ထုတ်မှု များ အရ ဖေဖော်ဝါရီ ၂၅ ရက်နှင့်၂၆ ရက်နေ့များတွင် မုဒုံမြို့နယ် ကမာဝက်မြို့နယ်ခွဲ အတွင်း တရားမဝင် ပိတောက် နှင့် တမလန်းသစ် တန် ၁၃၀ ကျော်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနက ထုတ်ပြန်ထားသည်။
သစ်တောရေးရာ ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးဇော်မင်းက “ဌာနဝန်ထမ်းတွေ ပေါ့လျော့ခဲ့ရင် ဌာနက ထုတ် ပစ်မယ်၊ ဒီမှာ ငွေကြေးအရ ပတ်သက်မှုတွေ၊ လာဘ်ယူမှုတွေ ရှိနေရင် ဌာနကိုယ်တိုင် တရားလိုလုပ်ပြီး တရား စွဲမှာပါ၊ အခုကတော့ စစ်ဆေးနေပါပြီ”ဟု ဧရာဝတီကို ပြောသည်။
အဆိုပါသစ်များ ဖမ်းဆီးရမိမှုတွင် ပါဝင် ပတ်သက်သူများကို မြို့နယ်အလိုက် ရဲစခန်းတွင် အမှုဖွင့် စစ်ဆေး နေသော် လည်း အဓိက သံသယရှိသူ ဦးထွန်းထွန်း၊ ဦးအောင်မျိုးဦးနှင့် ဦးဝင်းကြိုင် ဆိုသူတို့ကို ဖမ်းဆီးရမိမှု မရှိသေးကြောင်း လည်း ဦးဇော်မင်းက ပြောပြသည်။
ရန်ကုန်တွင် ဖမ်းဆီးရမိသည့် ကျွန်း၊ ပိတောက်နှင့် တမလန်း သစ်များ စုစုပေါင်း တန် ၁၅၀၀ ကျော်၏ ခန့်မှန်း တန်ဖိုး မှာ ကျပ် သိန်း လေးသောင်းခွဲ ခန့်ရှိပြီး တနိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ကုန် အထိ တရားမဝင်သစ် တန် ၄၀,၈၂၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနက ထုတ်ပြန်ထားသည်။