အလုပ်ရှင် အလုပ်သမား ပဋိပက္ခဖြစ်ပွားခဲ့သည့် ဟန်ကျိုးပိုင်ရီ အထည်ချုပ် စက်ရုံကို ယာယီပိတ်လိုက်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင် ဦးအောင်ကျော်က ပြောသည်။
“စက်ရုံကိုပြင်ဖို့ ခဏရပ်လိုက်တာ ဒါအလုပ်ရှင်ဘက်က အခွင့်အရေးပေါ့။ ဘယ်သူကမှ ချိတ်ပိတ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့်ရက်အကန့်အသတ်မရှိဘူး။ ။ အလုပ်သမားနဲ့ အလုပ်ရှင်ညှိနိူင်းပြီးတော့ စက်ရုံပြင်လိုက်တာပေါ့။ လောလောဆည် ပြေလည်မှု ရထားတယ်။”ဟု ၎င်းက ဆိုသည်။
စက်ရုံပိတ်ထားသည့် ကာလအတွင်း အလုပ်သမားများကို အနိမ့်ဆုံး လုပ်ခလစာ ဖြစ်သည့် တနေ့လျှင် ၃၆၀၀ ကျပ်နှုန်း လစာ ပေးထားမည် ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၃ ရက်က ဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ ဟန်ကျိုးပိုင်ရီ အထည်ချုပ် စက်ရုံတွင် အလုပ်သမား ခေါင်းဆောင် ကိုသက်ပိုင်ဦးကို အလုပ်ထုတ်ပယ်မှုကြောင့် ဆန္ဒပြနေသော အလုပ်သမားများက စက်ရုံတာဝန်ရှိသူ အပါအဝင် တရုတ် နိုင်ငံသားများကို အခန်းတွင်း ပိတ်လှောင်ပြီးနောက် ပစ္စည်းများကို ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။
ပဋိပက္ခများ ဖြစ်ပွားပြီးနောက် အဆိုပါ စက်ရုံကို ဝန်ကြီးချုပ်အမိန့်နှင့် ပိတ်ထားခြင်းဟု သတင်း ထွက်ပေါ်နေသဖြင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဧရာဝတီ၏ မေးမြန်းမှုကို အတည်ပြု ဖြေကြားခဲ့ခြင်း မရှိပေ။
ယင်းကိစ္စ နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ၏ အသက်လုံခြုံမှုနှင့် တရုတ်ကုမ္ပဏီများ၏ ဥစ္စာဓနလုံခြုံမှုကို ကာကွယ် ထိန်းသိမ်းကာ ဥပဒေနှင့်အညီ အမှုအခင်းဖန်တီးသူများကို အရေးယူပေးပါရန် တောင်းဆိုကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“နိုင်ငံခြား သံရုံးကနေ ကြေညာချက်ထုတ်ရတဲ့အထိ ဖြစ်သွားတာ စိတ်တော့မကောင်းဘူး။ ဒါပေမယ့် ဖြစ်စဉ်မှာ ဘယ်သူက လွန်တယ် မလွန်ဘူး။ မှန်တယ်၊ မှားတယ်ဆိုတာ အဖြေမထွက်သေးခင်တော့ တခုခု လုပ်ဖို့ ဖိအားပေး တိုက်တွန်းတာ စောနေသေးတယ်” ဟု ပြည်တွင်းပြည်ပ အလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးက ပြောကြားသည်။
ဟန်ကျိုးပိုင်ရီစက်ရုံတွင် အလုပ်သမားများက ၎င်းတို့ တောင်းဆိုသည့်အတိုင်း အလုပ်သမား ခေါင်းဆောင်ကို ပြန်လည် ခန့်ထားပြီး ဖြစ်ရာ သပိတ်မှောက် ဆန္ဒပြမှုများကို ရပ်နားထားပြီး အလုပ်ပြန်ဆင်းရန် အဆင်သင့်ရှိသော်လည်း စက်ရုံဘက်က ယာယီ ရပ်နားထားခြင်းဖြစ်ကြောင်း၊ အခြား တောင်းဆိုချက်များကို ဆက်လက် ညှိနှိုှုင်းရန် ရှိကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်း ပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ထံက သိရသည်။
အဆိုပါစက်ရုံတွင် ဖေဖော်ဝါရီလ ၄ ရက်ကလည်း စက်ရုံတာဝန်ခံ တရုတ်နိုင်ငံသားက အလုပ်သမားတဦး၏ ဦးခေါင်းကို ကန်ကျောက်ခဲ့ရာမှ ပဋိပက္ခဖြစ်ပွားခဲ့ပြီး အလုပ်သမားများက လှိုင်သာယာမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။