သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှု ရလာဒ်ကောင်းမျှော်လင့်ဟု UNFC ပြောဆို

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး ဖြေရှင်းနိုင်ရန် ရလာဒ်ကောင်းများ ထွက်လာမည်ဟု မျှော်လင့်ကြောင်း ညီညွှတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ပြောဆိုလိုက်သည်။

လာမည့် မတ်လ ၁ရက်နေ့ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံး၌် ဒေါ်အောင်ဆန်း စုကြည်နှင့် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့အကြား တွေ့ဆုံ ဆွေးနွေးမည့် အပေါ် ပြောဆိုခြင်းဖြစ်သည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးရန်အတွက် UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ် ဦးဆောင်သော ၁၀ ဦးပါ အဖွဲ့သည် ထိုင်းနိုင်ငံမှ တဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ပြီး နေပြည်တော် NRPC ရုံးတွင် မတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒေါ်အောင်ဆန်း စုကြည်နှင့်ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်ပြီး၊ မတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့ NRPC ရုံး၌ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) နှင့် လည်းတွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးမှုများတွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအပါအဝင် အာမခံချက်ရှိပြီး အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် UNFC မှ အဆိုပြုထားသော အချက် ၉ ချက်ပါ အဆိုပြုမှုအပေါ် အခြေခံ၍ ဆက်လက် ဆွေးနွေး ညှိနှိုင်းသွားမည် ဖြစ်သည်ဟု UNFC ကလည်း ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

UNFC တွဲဘက် အတွင်းရေးမှူး (၁) ဦးထွန်းဇော် က “ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတဲ့ပွဲကတော့ မူဝါဒရေးရာ အရ၊ အားလုံးပါဝင်ရေးတို့၊ အဖုအထစ်ဖြစ်နေတဲ့ အချက် ၉ ချက်နဲ့ပတ်သက်ပြီးတော့မှ မူဝါဒပိုင်းဆိုင်ရာတွေကို အလျှော့ အတင်း လုပ်ပေးနိုင်လိမ့်မယ်။ လမ်းကြောင်းတွေဖွင့်ပေးနိုင်လိမ့်မယ်လို့တော့ အဲလိုမျိုး မျှော်လင့်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါအချက် ၉ ချက်နှင့်ပတ်သက်ပြီး NRPC အောက်ရှိ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် DPN တို့ အကြား အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း သဘောတူညီချက်တစုံတရာ မရရှိခဲ့ကြောင်း ထို့နောက် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးရန် DPN ဘက်မှ အဆိုပြုမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်သဖြင့် ယခုကဲ့သို့ တွေ့ဆုံရန်ဖြစ် ပေါ်လာခြင်း ဖြစ်သည်။

UNFC အနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးပြီး အစိုးရက ပြုလုပ်မည်ဖြစ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အကြိမ် အစည်းအဝေးသို့ တက်ရောက်ရေးမှာ အစိုးရနှင့် တပ်မတော်တို့အပေါ်တွင် မူတည်နေသည်ဟုဆိုသည်။

“၂၁ ရာစုပင်လုံညီလာခံ တက်နိုင်ဖို့ အတွက်က သူတို့ရဲ့ မူဝါဒ အသေကိုင်ထားတာက NCA လက်မှတ်ရေးထိုးမှဘဲ တန်းတူ ရည်တူ ပါဝင်ခွင့် ရှိမယ်လို့ သူတို့က အသေကိုင်ထားတယ်။ အဲဒါဆိုရင် ကျနော်တို့က NCA ကို လက်မှတ်အရင် ရေးထိုးရမယ်ဆို တဲ့သဘောဖြစ်တယ်။ NCA လက်မှတ်မရေးထိုးရင် ကျနော်တို့က တန်းတူ၊ ရည်တူ အခွင့်အရေး မရှိဘူးဆိုတဲ့ သဘောဖြစ်တယ်။ NCA ကို လက်မှတ်ရေးထိုးနိုင်ဖို့ ဆိုလို့ရှိရင် ကျနော်တို့ အဆိုပြုထားတဲ့ အချက် ၉ ချက်ကို ဒီကြားထဲမှာ ပြေလည်အောင် ညှိရမှာပေါ့” ဟု ဦးထွန်းဇော် က ပြောသည်။

UNFC နှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးရာတွင် အစိုးရဘက်မှ သဘောထားပျော့ပြောင်းသော်လည်း တပ်မတော် ဘက်မှ သဘောထားတင်မာနေ၍ ညှိနှိုင်းဆွေးနွေးရာတွင် အခက်အခဲရှိနေသည်ဟု ဆိုသည်။

“ပြေလည်အောင်ညှိဖို့က တပ်မတော်ရဲ့ သဘောထားက ဒီနေ့ထက်ထိ အလျှော့အတင်းလုပ်လိုတဲ့ သဘောထား မတွေ့ရဘူး။ အသေဆုပ်ကိုင်ထားတယ်။ အားလုံးပါဝင်မှုကို လက်မခံဘူးပေါ့နော်။ အဲလိုကွဲပြားမှုလေးတွေတော့ ရှိတယ်။ NLD အစိုးရဘက် ကတော့ သဘောထားပျော့ပျော့ပြောင်းပြောင်းရှိတယ်။ ညှိနှိုင်းဆွေးနွေးလို့ရတဲ့ အနေအထားမှာ ရှိတယ်။ တပ်မတော်ကတော့ အဒီသဘောထားမရှိဘူး” ဟု ဦးထွန်းဇော် က ပြောသည်။

DPN အဖွဲ့အနေဖြင့် မတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့ NRPC ရုံးတွင် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ (Peace Commission) အဖွဲ့နှင့် တွေ့ဆုံရာတွင်လည်း ၎င်းတို့ အဆိုပြုထားသော အဆိုပါ ၉ ချက်ကိစ္စကိုပင် ထပ်မံဆွေးနွေးသွားမည်ဖြစ်ပြီး ထိုဆွေးနွေးပွဲ သို့ လေ့လာသူအဖြစ် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် တို့အား ပါဝင်ခွင့်ပေးရန် အဆိုပြုထားကြောင်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading