သတင်း

တရုတ် အထူးသံတမန် နှင့် UNFC တွေ့ဆုံ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) နှင့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ကြောင်း သတင်း ရရှိသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နိုင်ငံတဝန်း ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲ ရေး သဘောတူ စာချုပ် (NCA) လက်မှတ် မထိုးရသေးသော UNFC အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ကြုံတွေ့နေရ သည့် အခက်အခဲများကို ဆွေးနွေးခဲ့ကြောင်း UNFC တွဲဖက် အတွင်းရေးမှူး (၁) ဦးထွန်းဇော် က ပြောသည်။

“သူကတော့ အိမ်နီးချင်း နိုင်ငံတခု အနေနဲ့ပေါ့လေ။ ကျနော်တို့ တိုင်းပြည်မှာ ပြည်တွင်းစစ် ဖြစ်နေတာလည်း ကြာပြီ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အဖြေရှာတဲ့ ပုံစံကို လိုလားတယ်ပေါ့။ အဓိကကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ပါပဲ။ လက်ရှိ သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အခြေအနေတွေ၊ အခက်အခဲတွေ ဘာတွေရှိသလဲပေါ့ဗျာ”ဟု ၎င်းက ဧရာဝတီ ကို ပြောပြသည်။

ယခုတွေ့ဆုံမှုသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ဖြင့် စုဖွဲ့ထားသော UNFC အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး သွားရောက် မတွေ့ဆုံမီ ၂ ရက် အလိုတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

UNFC အဖွဲ့များထဲတွင် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရခိုင် အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ပါဝင်သည်။

တရုတ် အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခက်အခဲများ အပေါ် ကူညီနိုင်ရန် နှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ကြုံတွေ့နေကြရသည့် အခက်အခဲ၊ အကျပ်အတည်းများ၊ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှုများအပေါ် ညှိနှိုင်းဆွေးနွေး အဖြေရှာမှုများ သိရှိရန် လာရောက်မေးမြန်းခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်၏ အခြေခံသည် နိုင်ငံရေးပြဿနာ ဖြစ်ကြောင်းUNFC အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌  ကြုံတွေ့နေရသော အခက်အခဲများကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုသော သဘောထားရှိကြောင်း မစ္စတာ ဆွန်ကော့ရှန် ကို ပြန်လည်ရှင်းပြခဲ့သည်ဟု သိရသည်။

ဦးထွန်းဇော် က“နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာတဲ့ အခါမှာ တပ်မတော်က အဓိကစိန်ခေါ်ချက် တခု ဖြစ် နေ တယ်။ ပြီးရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဖြစ်တယ်ပေါ့လေ။ ဒါတွေကို ပြုပြင်ဖို့လိုမယ်။ ဒါတွေကို ပြင်ဆင် နိုင်ဖို့ အတွက် အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်ကနေ သွားနေတယ်၊ အပစ်အခတ် ရပ်စဲရေး ဖြစ်စဉ်မှာလည်း အားလုံး ပါဝင်မှု မရှိဘူး။ ဒါတွေကို လုပ်ဆောင်တဲ့နေရာမှာ အကူအညီပေးဖို့ ၊ တွန်းအားပေးဖို့ ကျနော်တို့ဘက်က တင်ပြတာပေါ့”ဟု ပြော သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်အဖြစ် ပါဝင် ပတ်သက်နေသည့် မစ္စတာ ဆွန်ကော့ရှန် သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခင် အစိုးရလက်ထက် ကျင်းပခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပြုလုပ်သည့် လော်ခီးလာ၊ မိုင်ဂျာယန် ထိပ်သီးညီလာခံများ၊ ဆွေးနွေးပွဲများကို တရုတ်နိုင်ငံ၏ လေ့လာသူကိုယ်စားလှယ် တဦး အဖြစ်လည်း တက်ရောက် ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading