တပ်မတော်အနေဖြင့် တဖက်သတ် အပစ်အခတ် ရပ်စဲရေးကို ကြေညာပေးရန် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)၏ တောင်းဆိုချက်မှာ လက်တွေ့ မဖြစ်နိုင် သဖြင့် တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) ကိုသာ လက်မှတ် ရေးထိုးပေးကြရန် တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။
ဖေဖော်ဝါရီလ၂၈ရက်က နေပြည်တော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ဘုရင့်နောင်ခန်းမ)၌ ပြုလုပ်သည့် မုံးကိုးဒေသ ဖြစ်စဉ်များနှင့် ရခိုင်မြောက်ပိုင်းအရေး တပ်မတော်၏ သတင်းစာ ရှင်းလင်းပွဲအပြီးတွင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက သတင်းထောက်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။
“သူတို့ (UNFC) အနေနဲ့ ဒါဟာ မေးစရာမေးခွန်း မဟုတ်ဘူးလို့ ကျနော့်အနေနဲ့ကတော့ မြင်ပါတယ်”ဟု ၎င်းက ပြောသည်။
တပ်မတော်ကို အပစ်အခတ်ရပ်စဲရေး ဦးစွာလုပ်ဆောင်ပေးရန် တောင်းဆိုသည်ထက် NCA လက်မှတ် ထိုးလိုက်ရန်လိုကြောင်း၊ NCA သည် အပစ်အခတ် ရပ်စဲရေး စာချုပ်ဖြစ်ပြီး တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ ၈ ဖွဲ့မှာလည်း လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။
“သမ္မတဦးသိန်းစိန်က NCA ကို ဆွေးနွေးတဲ့အခါမှာ ကာလတိုလေးပဲ ဖြစ်ကတတ်ဆန်း လုပ်လိုက်တာ မဟုတ်ပါဘူး။ ၄ နှစ်ကြာပါတယ်။ ၁၆ ဖွဲ့ ပါဝင်လာပြီးတော့ အပြန်အလှန် အကျေအလည် ဆွေးနွေးရ တာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
လွန်ခဲ့သည့် ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့က UNFC အဖွဲ့ဝင်များ တွေ့ဆုံကာ တနိုင်ငံလုံး အပစ်ရပ်ကြောင်း ကြေညာရန်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက် မှတ်ရေးထိုးရန်၊ ဆွေးနွေးပွဲများ၌ အစိုးရ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ ၃ ပွင့်ဆိုင် ဆွေးနွေးရန်၊ NCA စာချုပ် အကောင်အထည်ဖော်ရာ တွင် နိုင်ငံတကာ အသိသက် သေများ ပါဝင်ရေး စသည့် အချက် ၉ ချက်ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက “အန်ကယ်တို့ဘက်က အပစ်အခတ်ရပ်စဲလိုက်ပြီဆိုတာကို ထုတ်ပြန်ဖို့ တောင်းဆိုခဲ့တာပါ။ တောင်းဆိုတာကလည်း အပစ်ရပ်ပြီဆိုရင် လူထုကို ကြေ ညာပေးရမယ်။ နိုင်ငံတကာ သိ အောင်လည်း ကြေညာပေးရမယ်။ အများသိအောင် ကြေ ညာပေးခြင်းအားဖြင့် ဒီအပစ် အခတ်ရပ်စဲရေးကို ခိုင်မာအောင် လုပ်တဲ့ သဘောပါ။ အဲ့ဒီ အပေါ်မှာ တမျိုးတော့ မမြင်စေ ချင်ဘူးလေ။ လက်မှတ်ထိုးတော့မယ် ဆိုရင်လည်း နှစ်ဖက် ညှိနှိုင်းပြီးလို့ နေရာကျ ပြီဆိုရင် ကြေညာရမှာလေ။ ကြေညာတာ ဘာဖြစ်လဲ ။ ဒါကောင်း တဲ့ ကိစ္စလို့ မြင်တယ်လေ”ဟု ဆိုသည်။
UNFC တွင် ကချင် လွတ်မြောက်ရေးအဖွဲ့(KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)နှင့် ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ UNFC တွင် ပါဝင်သည်။
NCA လက်မှတ်ထိုးရန် တပ်မတော်က အနေဖြင့် UNFCကို ဖိတ်ခေါ်သော်လည်း ရက္ခိုင့် တပ်မတော်(AA)၊ ကိုးကန့် (MNDAA)နှင့် ပလောင်(တအာင်း) လွတ်မြောက်ရေးတို့သည် ဒီမိုကရေစီ အစိုးရလက်ထက် တွင်မှ ပေါ်ပေါက်လာခြင်းဖြစ်၍ ၎င်းတို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြောင်းမရှိဟု ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။
“ဒီအဖွဲ့အစည်းတွေကို သီးခြားသတ်မှတ်ပြီးတော့ ငြိမ်းချမ်းရေးဖိတ်ခေါ်၊ ငြိမ်းချမ်းရေး ဆွေးနွေး၊ NCA လက်မှတ်ထိုးပါဆိုပြီးတော့ ပြောနေစရာ အကြောင်းမရှိဘူး”ဟု ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဆိုသည်။
ငြိမ်းချမ်းရေး မရသဖြင့် တိုက်ပွဲများ ဖြစ်ပွားပြီး ၂ဘက်လုံး ဆုံးရှုံးပါက အားလုံးသည် မြန်မာနိုင်ငံသားများ ဖြစ်သောကြောင့် ယင်းဆုံးရှုံးမှုသည် နိုင်ငံတော်၏ ဆုံးရှုံးမှု ဖြစ်သဖြင့် အလွန်စိတ်မကောင်း ဖြစ်ရကြောင်း၊ ငြိမ်းချမ်းရေး ရရှိနိုင်ရန် ၁၀၀ ရာခိုင်နှုန်း မျှော်လင့်ထားကြောင်း တပ်မတော်က ဆိုသည်။