လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တင်ပြသော ယခုလာမည့် ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်အတွင်းတွင် တင်ဒါအောင်မြင်ပြီးသော လျှပ်စစ်ထုတ်လုပ်ပေးမည့် ပြည်ပကုမ္ပဏီနှစ်ခုအတွက် ဘတ်ဂျက်အသုံးစရိတ် ပါဝင်ခြင်း မရှိသောကြောင့် လာမည့်နွေရာသီတွင် မျှော်လင့်ထားသလို လျှပ်စစ်မီး အပြည့်အဝ မပေးနိုင်တော့ကြောင်း သိရသည်။
ပြီးခဲ့သည့် အစိုးရဟောင်းလက်ထက် ၂၀၁၅ခုနှစ်ကပင် ဆောင်ရွက်ခဲ့သည့် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးပမဏ လုံလောက်စေရန် ပုဂ္ဂလိက ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ခေါ်ယူခဲ့သည့် အစီအစဉ်ကို ယခု အစိုးရသစ်က ခေတ္တရပ်ဆိုင်းပြီးမှ ၂၀၁၆ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်ခဲ့ရာ ယင်းနှစ် အောက်တိုဘာလတွင်ပင် ပြည်ပကုမ္ပဏီနှစ်ခုအား ခွင့်ပြုခဲ့သည်။
ထိုကုမ္ပဏီများမှာ အမေရိကန်အခြေစိုက် APR Energy နှင့် တူရကီနိုင်ငံရှိ Karadeniz Powership energy group တို့ဖြစ်သည်။ အဆိုပါ ကုမ္ပဏီများမှာ တင်ဒါအောင်မြင်ပြီးနောက် ရန်ကုန်မြို့အတွက် မီဂါဝပ် ၃၀၀ စီ (စုစုပေါင်း ၆၀၀ မီဂါဝပ်) ကို ယခုလာမည့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ထားသည်။ တူရကီရှိ Karadeniz Powership energy group က လာမည့် ဧပြီလဆန်းတွင် ယင်းတို့၏ လျှပ်စစ်သင်္ဘော ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းအနီးတွင် လာရောက်ဆိုက်ကပ်ကာ လျှပ်စစ်ဖြန့်ဖြူးပေးမည်ဟု မီဒီယာများကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက တူရကီနိုင်ငံ၊ အစ္စတန်ဘူမြို့တွင် ထုတ်ဖော်ပြောဆိုပြီးဖြစ်သည်။
ထိုလျှပ်စစ်သင်္ဘောသည် မီဂါဝပ် ၄၈၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ရန်ကုန်မြိ့ုအတွက် မီဂါဝပ် ၃၀၀ ကို တစ်မီဂါဝပ်လျှင် ကန်ဒေါ်လာ ၁၁၀ ကျော်ခန့်ဖြင့် ရောင်းချပေးနိုင်ရန်လည်း စီစဉ်ပြီးဖြစ်သည်။ သင်္ဘောမှ လျှပ်စစ်များကို ရန်ကုန်မြို့ရှိ ကျောင်းများ၊ ဆေးရုံများတွင် အသုံးပြုနိုင်ရန် မဟာဓာတ်အားလိုင်းအတွင်းသို့ ပို့လွှတ်ရန်လည်း ဓာတ်အားကြိုးလိုင်းများကို သန်လျင်-သာကေတလိုင်းမှတဆင့် ပို့ရန် တည်ဆောက်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ ဒါရိုက်တာ Zeynep Harezi က ထုတ်ဖော်ပြောဆိုခဲ့ပြီးလည်းဖြစ်သည်။ အဆိုပါ လျှပ်စစ်သင်္ဘောကို အစ္စတန်ဘူ သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မိတ်ဆက်ပွဲကို တူရကီသမ္မတ အာဒိုဂန်က ပြီးခဲ့သည့် နိုဝင်ဘာအတွင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းတို့နည်းတူ အမေရိကန်နိုင်ငံမှ APR Energy ကလည်း ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ကာ မီဂါဝပ် ၃၀၀ ထုတ်လုပ်ရောင်းချပေးနိုင်ရန် စီစဉ်မည်ဖြစ်သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက မီဒီယာများကို ရန်ကုန်တိုင်းအတွင်း လာမည့်နွေရာသီတွင် မီဂါဝပ် ၆၀၀ ပိုမို ဖြန့်ဖြူးနိုင်မည်ဟု ပြောကြားခဲ့သေးသည်။
ထိုအနေအထားတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယခုရက်ပိုင်းအတွင်း ပြည်တွင်းမီဒီယာအချို့သို့ ထုတ်ဖော်ပြောကြားလာသည်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပေးသည့်ဘတ်ဂျက်လုံလောက်မှုမရှိသောကြောင့် အဆိုပါ လျှပ်စစ်ထုတ်လုပ်ပေးမည့် ကုမ္ပဏီနှစ်ခုအတွက် ဘတ်ဂျက်အခက်အခဲရှိနေကြောင်း ဆိုသည့်အချက်ဖြစ်သည်။
ပြီးခဲ့သည့် အပတ်ထုတ် ပြည်မြန်မာသတင်းဂျာနယ်တွင် လျပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတဦးကို ကိုးကားကာ အစိုးရဘတ်ဂျက်ကြောင့် နိုင်ငံခြားကုမ္ပဏီနှစ်ခု၏ လျှပ်စစ်ထုတ်လုပ်မှုအတွက် အသုံးစရိတ်မရှိကြောင်း ဖော်ပြသည်။
ဧရာဝတီက ထိုသတင်းနှင့် ပတ်သတ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အတည်ပြုမေးမြန်းရာတွင် ရသုံးမှန်းခြေငွေစာရင်းဌာန၏ ညွှန်ကြားရေးမှုှးချုပ် ဒေါ်နွဲ့နွဲ့ဝင်းက ဖြေကြားသည်မှာ ယမန်နှစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အပြင် ယခုနှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက်ပါ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဘတ်ဂျက်အဆိုပြုချက်တွင် ထိုကုမ္ပဏီများအတွက် အသုံးပြုမည့် ဘတ်ဂျက်အဆိုပြုချက်မပါရှိသောကြောင့်ဟု ဆိုသည်။
“အခု အစီစဉ်ကတော့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ပဲ အဓိက သက်ဆိုင်တာပေါ့၊ ကျမတို့ ဘတ်ဂျက်ဆွဲတဲ့အခါ ဦးစားပေးအစီအစဉ်ကို ထည့်ရပါတယ်။ အခု ဘဏ္ဍာရေးကော်မရှင်ကော၊ ကက်ဘိနက်ကကော ဆွဲပြီးလို့ လွှတ်တော်ကို တင်ပြလိုက်တဲ့အခုနှစ်အတွက် ဘတ်ဂျက် လျာထားမှုမှာ ဒီ လျပ်စစ်သဘောင်္ကြီးအတွက်ကော ဘတ်ဂျက်က ပါမသွားပါဘူး” ဟု ဒေါ်နွဲ့နွဲ့ဝင်းက ပြောသည်။
ပါမသွားရခြင်း၏ အကြောင်းအရင်းများမှာ ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း၊ ဝန်ကြီးဌာနတခုချင်းစီအတွက် ပေးနိုင်မည့် လျာထားဘတ်ဂျက်ပမာဏကို စီမံ/ဘဏ္ဍာဝန်ကြီးဌာနက ကြိုတင်သတ်မှတ်ပေးပါကြောင်း၊ ထိုသို့သတ်မှတ်ရရှိနိုင်သည့် ပမာဏအတွင်းက ဝန်ကြီးဌာနများက သုံးစွဲနိုင်ပါကြောင်း၊ ထို့ကြောင့် ထိုလျှပ်စစ်ထုတ်လုပ်ရေးအတွက် သုံးမည့် ပမာဏသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကသာ ဆုံးဖြတ်ပြီး ပြန်လည်တင်ပြရကြောင်း ပြောသည်။
“သက်ဆိုင်ရာဝန်ကြီးဌာနက သူ့ဌာနအတွင်း ဦးစားပေးသုံးမယ့် အစီအစဉ်တွေအရ ပြည်ပချေးငွေတွေကိုကော ဘယ်လိုသုံးမယ်၊ ကျန်ဘတ်ဂျက်ကိုဘယ်လိုသုံးမယ်ဆိုတာ ပြန်စိစစ်တင်ပြရပါတယ်။သေချာတာကတော့ အခု လျှပ်စစ်ထုတ်ပေးမယ့် သဘောင်္အပါအဝင် ကုမဏီနှစ်ခုအတွက် သုံးမယ့်ပမာဏတွေက များတဲ့အတွက် ဒီနှစ် ဘတ်ဂျက်သုံးစွဲမှုထဲ မပါသွားဖူးဆိုတာတော့ သိရှိရပါတယ်” ဟု ဒေါ်နွဲ့နွဲ့ဝင်းက ပြောသည်။
လုပ်ငန်းသဘောတရားအရ၊ တင်ဒါခေါ်ယူခြင်းမှာ ဘတ်ဂျက်လျာထားချက် အတည်ပြုပြီးမှသာလျှင် ခေါ်ခွင့်ရှိသော်လည်း ယခုမူ ထိုအဆင့်သို့ မရောက်မီခေါ်ယူခဲ့ခြင်း ဖြစ်နေသည်။
ထိုလျှပ်စစ်ကုမ္ပဏီများအတွက် ဘတ်ဂျက်လျာထားချက်မှာ ပြီးခဲ့သည့်နှစ် ဘဏ္ဍာရေးနှစ်ကပင် ပါဝင်မှုမရှိခဲ့ဘဲ အဘယ်ကြောင့် တင်ဒါခေါ်ခဲ့သည်ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသဖြင့် ဧရာဝတီက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ သတင်းနှင့်ပြန်ကြားရေးအဖွဲ့သို့ အတည်ပြုချက်ရယူခဲ့ရာ ယခုလအတွင်း ဌာနအတွင်းရှိ ပြန်ကြားရေးအဖွဲ့ အပြောင်းအလဲရှိပါသဖြင့် သိရှိလိုသော အကြောင်းအချက်များကို လာမည့် မတ်လ ၁၆ရက်နေ့တွင် နေပြည်တော်တွင် ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲမှတဆင့် မေးမြန်းနိုင်ကြောင်းသာ ပြန်လည် ဖြေကြားသည်။
ရသုံးမှန်းခြေငွေစာရင်းဌာန၏ အချက်အလက်များအရ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက တင်ပြလာသည့် ဘတ်ဂျက်အသုံးစရိတ်မှာ ၄၄၉၇.၂၈၁ ဘီလျံကျပ်ဖြစ်ပြီး၊ အစိုးရတဖွဲ့လုံးစာ အသုံးစရိတ်၏ ၂၁.၅၂ ရာခိုင်နှုန်းဖြစ်သည်။ အဆိုပါ အသုံးစရိတ်ကို လွှတ်တော်က ပြန်လည်စိစစ်ဖြတ်တောက်မည်ဖြစ်သည်။
“ပြောရရင် ကျမတို့က နှစ်စဉ် လျှပ်စစ်ဝန်ကြီးဌာနကို ဘတ်ဂျက် ပိုမိုချထားပေးလေ့ရှိပါတယ်။ မနှစ်ကဆိုလည်း စုစုပေါင်းရဲ့ ၂၄ ရာခိုင်နှုန်းလောက် သုံးခဲ့ပါတယ်။ သေချာတာကတော့ ဒီနှစ် ဘတ်ဂျက်မှာ အဲဒီ သဘောင်္တွေအတွက် ပါမသွားတာသေချာပါတယ်” ဟု ဒေါ်နွဲ့နွဲ့ဝင်းကပြောသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် လျှပ်စစ်မီးသုံးစွဲမှုသည် ၁၅ ရာခိုင်နှုန်း တိုးတက်လျက်ရှိပြီး၊ ရန်ကုန်တိုင်းတခုတည်း၏ လျှပ်စစ်သုံးစွဲမှုသည် စုစုပေါင်း ထုတ်လုပ်မှု၏ ထက်ဝက်ကျော်၊ (တစ်နေ့လျှင် ၁၂၀၀မှ ၁၄၀၀ မီဂါဝပ်အတွင်း) အသုံးပြုမှုရှိနေသည်။ ထို့ကြောင့် ယခု တင်ဒါအောင်ပြီးသော ကုမ္ပဏီနှစ်ခုက လာရောက်ထုတ်လုပ်ပေးမည့် လျှပ်စစ်များကို ထည့်သွင်းပါက ရန်ကုန်တွင် ယခုနှစ်နွေ လျှပ်စစ်မီး ပိုမိုထုတ်လုပ်ပေးနိုင်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုယ်တိုင်က မျှော်မှန်းခဲ့သည်။
“သင်္ကြန်တွင်းလို စက်မှုဇုန်တွေမှာ တနေကုန်တော့ မပြတ်သေးဘူး၊ ဒါပေမယ့် နေ့တဝက်တော့ စပျက်နေပြီ။ တကယ်လို့သာ တင်ဒါအောင်ပြီးမှ ဟိုကုမ္ပဏီတွေကို ငွေမရှိလို့ မလုပ်နိုင်သေးဘူးပြောရင်တော့ ကမ္ဘာနဲ့ချီပြီး မျက်နှာပျက်ရမှာပေါ့” ဟု လှိုင်သာယာ စက်မှုဇုန်ဥကဌ ဦးမြတ်သင်းအောင်က ပြောသည်။
ပြီးခဲ့သည့် သတင်းထုတ်ပြန်ချက်များအရ၊ မြန်မာနိုင်ငံသို့ လာရောက်မည့် လျှပ်စစ်သဘောၤ Karpowership သည် ဧပြီလဆန်းတွင် ရန်ကုန်မြို့သို့ရောက်ရှိပြီး လျှပ်စစ်ပေးနိုင်ရန် ရည်ရွယ်ထားရာ၊ ယခုလက်ရှိအနေအထားတွင် မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ကို မသိရှိသေးကြောင်း၊ လတ်တလော လုပ်ငန်းဆောင်တာများ ရပ်ဆိုင်းလျက်ရှိနေကြောင်း သိရသည်။ APR Energy ကမူ လျှပ်စစ်စက်ရုံဆောက်လုပ်မည့် အချက်နှင့် ပတ်သတ်ပြီး သတင်းထုတ်ပြန်ချက်များ မတွေ့ရှိရသေးပေ။