မွန်ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ဒေါက်တာအေးဇံကို ယနေ့ကျင်းပသည့် ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းဝေးတွင် အတည်ပြု ရွေးချယ်လိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏကျော်က အတည်ပြု ပြောဆိုသည်။
ဒေါက်တာအေးဇံသည် ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ် (၂ ) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်ပြီး၊ ဖေဖော်ဝါရီလအတွင်း နှုတ်ထွက်သွားသည့် ယခင်မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးနေရာတွင် အစာထိုး ခန့်အပ်လိုက်ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးကို နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီ ၂၃ ရက် နေ့စွဲဖြင့် ဝန်ကြီးချုပ်ရာထူးအပြင် ၎င်းတာဝန်ယူခဲ့သည့် ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနဝန်ကြီးတို့အဖြစ်မှ နှုတ်ထွက်ခွင့် ပြုလိုက်ခြင်း ဖြစ်သည်။
ဒေါက်တာအေးဇံသည် မွန်ပြည်နယ် မုဒုံဇာတိဖြစ်ပြီး NLD ပါတီကို ၁၉၈၈ ခုနှစ် ကတည်းက ဝန်းရံခဲ့သူဖြစ်ကြောင်းနှင့် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်းတွင် သစ်တောမြေ၌ ရာဘာစိုက်ပျိုးသည်ဆိုသော အကြောင်းပြချက်ဖြင့် ထောင် ၅ နှစ် ကျခဲ့သူဖြစ်သည်။ ၂၀၁၂ ခုနှစ် NLD ပါတီ မှတ်ပုံတင်ပြီး နောက်ပိုင်း ဒေါက်တာအေးဇံသည် ကျိုက်ထိုမြို့နယ်၌ NLD ပါတီကို ပြန်လည်ဦးဆောင်ခဲ့ကြောင်း သိရသည်။