ရန်ကုန်တက္ကသိုလ် အတွင်း ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး အစိုးရနှင့် ကျောင်းသား မျိုးဆက် အသီးသီးကြား သဘောထား ကွဲလွဲမှုများ ရှိနေခြင်းကြောင့် အဆောက်အအုံ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းရန် ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၈ရက်နေ့ နံနက် ၁၀နာရီမှ မွန်းလွဲပိုင်းအထိ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်သည့် အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နာယက ဦးတင်ဦး၊ ဗဟို အလုပ်အမှုဆောင် ဦးဉာဏ်ဝင်း၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် ၁၉၅၃ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ ကျောင်းသားမျိုးဆက် အသီးသီးတို့ တက်ရောက်ခဲ့ကြသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဆွေးနွေးပွဲမပြီးမီ ပြန်သွားခဲ့သဖြင့် အစိုးရဘက်က ကျောင်းသား များ၏ လိုလားချက်ကို တာဝန်မခံခြင်း၊ ပါတီဘက်မှ တက်ရောက်လာသည့် ဦးဉာဏ်ဝင်း အနေဖြင့်လည်း တာဝန်ခံပေးနိုင် သည့် အခြေအနေ မရှိခြင်းတို့ကြောင့် ကော်မတီ ဖွဲ့စည်းရန် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းရမည့် အခြေအနေသို့ ရောက်ရှိသွားကြောင်း အစည်းအဝေး တက်ရောက်သူ တဦးဖြစ်သော မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ရဲမေဟောင်း ဒေါ်အေးအေးခိုင်က ပြောသည်။
“ဦးဉာဏ်ဝင်းကို ကျောင်းသားတွေက သမဂ္ဂဖွဲ့စည်းရေးကို အရင် လုပ်ပေးပါလို့ ပြောတော့ သူ့မှာ တာဝန်မရှိဘူး။ သူ ဘာမှ မလုပ်ပေးနိုင်ဘူး ဆိုတော့၊ ကျောင်းသားတွေက ဒါဆိုရင် ဆက်လက်ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးဆိုတော့၊ ဒါဆို လည်း မင်းတို့ သဘောပဲဆိုပြီး ပိတ်လိုက်တဲ့အတွက် ရပ်သွားတဲ့ သဘောပေါ့”ဟု ၎င်းက ပြောပြသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း “ဘုံတူညီမှုတရပ်ကနေ ရှေ့ကို တလှမ်းချင်းသွားပါမယ်။ အဲဒီ ခြေ လှမ်းတိုင်းကလည်း ခိုင်မာတဲ့ ခြေလှမ်းတိုင်းဖြစ်အောင် ကျနော်တို့သွားပါမယ်”ဟု မီဒီယာများကို ပြောသည်။
၈၈မျိုးဆက်ပွင့်လင်း လူ့ အဖွဲ့အစည်းမှ ဦးကိုကိုကြီးက သမဂ္ဂ အဆောက်အအုံ တည်ဆောက်ခွင့်၊ ဖွဲ့စည်းခွင့်များ သည် လက်ရှိ အစိုးရ၏ မူဝါဒနှင့် သက်ဆိုင်နေကြောင်း ပြောဆိုသည်။
“သမဂ္ဂ တည်ဆောက်ခွင်၊့ သမဂ္ဂဖွဲ့စည်းခွင့် ဆိုတာကတော့ အဲဒီအချိန်မှာ ရှိတဲ့ အစိုးရနဲ့ စကားပြောရမှာပဲ။ အစိုးရက မူဝါဒပိုင်း ဆိုင်ရာ ဆုံးဖြတ်ပေးရမှာပဲ။ ဥပဒေပိုင်း ဆိုရင်လည်း လွှတ်တော်ကနေ ပြဋ္ဌာန်းပေးရမယ်။ အတည်ပြုပေးရ မယ်”ဟု ၎င်းက ပြောသည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အအုံဟောင်းနေရာ မြက်ခင်းပြင်၌ ကော်မတီရုံးခန်းဟုဆိုကာ အဆောက်အအုံ ဆောက်လုပ်ခြင်းအပေါ် ကျောင်းသား ကျောင်းသူ မျိုးဆက်အသီးသီးက ဖေဖော်ဝါရီလ ၂၇ ရက်တွင် ယင်းမြက်ခင်းပြင်ပေါ်၌ စုဝေး ကန့်ကွက်ခဲ့ကြသည်။
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ဒီမိုကရေစီ အရေးနှင့် ကျောင်းသားများ၏ အခွင့်အရေးအား ငြိမ်းချမ်းစွာ တောင်းဆို သည့် ကျောင်းသားများကို ဗိုလ်ချုပ်ကြီး နေဝင်း၏ တော်လှန်ရေးကောင်စီ အစိုးရက ပစ်ခတ်ဖြိုခွင်းခဲ့ရုံမက ရန်ကုန် တက္ကသိုလ် ဝင်းအတွင်းရှိ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ကြီးကိုပါ မိုင်းခွဲ ဖြိုဖျက်ခဲ့သည်။
ယင်းကျောင်းသားသမဂ္ဂ အဆောက်အအုံသည် မြန်မာသူဌေးကြီး ဦးညို၏ လှူဒါန်းမှုကြောင်း ၁၉၃၅ ခုနှစ် မြန်မာပြည် သူ့ကျွန်ဘဝမှ မလွတ်မြောက်ခင် ကတည်းက ရန်ကုန်တက္ကသိုလ် ဝင်းအတွင်း ပေါ်ပေါက်ခဲ့သော သမိုင်းဝင် အမှတ် အသား တခုလည်း ဖြစ်သည်။