ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှု၌ သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား ၂ဦးဖြစ်သော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ ၂ဦး၏ အယူခံကို ပယ်ချကာ ယနေ့ ခရိုင်တရားရုံးက သေဒဏ်အဖြစ် ထပ်မံအတည်ပြုလိုက်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ကပြောသည်။
အယူခံတရားရုံး ဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသား နှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများကို အသိပေးခြင်းမပြုဘဲ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး လိပ်ကျွန်း လူသတ်မှှု အထူးစုံစမ်းရေးအဖွဲ့ တာဝန်ခံ ဦးကျော်သောင်း က “ဒီသတင်း ကို ထိုင်းသတင်းတွေက ပါလာမှ ကျနော်တို့သိရတာ။ ရှေ့နေတွေ ဖုန်းဆက်ကြည့်တော့လည်း သူတို့လည်းမသိလိုက်ဘူး။ ရှေ့နေတွေကလည်းပြောတယ်။ဒါဟာလုပ်ရိုးလုပ်စဉ်လွဲချော်နေတယ်။ ကျနော်တို့ကော်မတီက လည်း မသိရဘူး။ ရှေ့နေများကောင်စီကိုလည်း သတင်းမပို့ခဲ့ဘူး။ ဒါကြောင့် ဒီကိစ္စကိုရှေ့နေတွေကလည်း မကျေနပ်ဘူး။ ဒါကြောင့် နောက်ဆုံး အဆင့်ဖြစ်တဲ့ တရားလွှတ်တော်ကို တင်မယ်ဆိုတာစကားပြောဖြစ်တယ်။ နောက်အပတ်ထဲမှာ တင်မှာပါ” ဟုဆိုသည်။
ယခု သေဒဏ်အဖြစ် အတည်ပြုခြင်းကို ရက်ပေါင်း ၃၀အတွင်း ထပ်မံအယူခံဝင်နိုင်သည်။
“နောက်တဆင့်ကိုတင်ရမှာ တရားလွှတ်တော်ချုပ်ကို တင်ရမှာ မတင်လို့ရှိရင် ဒီကလေးတွေ သေဒဏ်ဖြစ်သွားမှာပေါ့” ဦးကျော်သောင်း ဟု ဧရာဝတီသို့ ပြောသည်။
AFP သတင်းတွင်လည်း “အယူခံတရားရုံးက မြန်မာ ၂ဦးအပေါ်မှာ ချမှတ်ထားတဲ့ ရာဇဝတ်တရားရုံးရဲ့ ပြစ်ဒဏ်ကို အတည်ပြုပါတယ်”ဟု စူရတ်ဌာနီ ခရိုင်လက်ထောက် ခရိုင်အစိုးရရှေ့နေ ဆီရာဝပ် ဖမ်ဟမ်က ပြောသည်။
တရားသူကြီးက သက်သေခံပစ္စည်းစစ်ဆေးမှုသည်စံနှုန်းမီပြီး မှုခင်းဖြစ်ပွားသောနေရာမှရရှိသော DNA သည် သံသယ ရှိသူများ၏ DNA နှင်တူသည်ဟုလည်းဆိုသည်။
ပြီးခဲ့သည့် ၂၀၁၄ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့က လိပ်ကျွန်းတွင် လာရောက်လည်ပတ်နေသည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ ၂ဦးသည် ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ် အရွယ် ဒေးဗစ် မေလာ (David Miller) နှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ဂျ် (Hannah Witheridge) တို့ ၂ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယ တရားခံများအဖြစ် စွပ်စွဲ ဖမ်းဆီးခံရပြီး ပြစ်မှုကျူးလွန်သည်ဟုဆိုကာ စွပ်စွဲခံနေရခြင်းဖြစ်သည်။
လူသတ်မှုနှင့်ပတ်သက်ပြီး ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က ကျူးလွန်ခဲ့ကြောင်း မူလကထွက်ဆိုခဲ့ကြ သော်လည်း နောက်ပိုင်းတွင် ထိုင်းရဲ၏ နှိပ်စက်ဝန်ခံခိုင်းခဲ့မှုကြောင့် ဝန်ခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် အမှုကို မကျူးလွန်ကြောင်း ပြန်လည်ထွက်ဆိုခဲ့ကြသည်။ သိုသော် တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ၎င်းတို့ ၂ ဦးကို လူသတ်မှု အပါအဝင် ပုဒ်မ ၇ ခုဖြင့် အမြင့်ဆုံး သေဒဏ် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။
ထိုင်းနိုင်ငံသည် သေဒဏ်စနစ်မဖျက်သိမ်းသော်လည်း အမှန်တကယ်သေဒဏ်စီရင်သည်မှာမူ လွန်စွာရှားပါးကြောင်း AP သတင်းကဆိုသည်။