ပြည်နည်းပညာတက္ကသိုလ်မှ ဆရာမတဦးနှင့် ကျောင်းသားတဦးသေဆုံးခဲ့သည့် ယာဉ်တိုက်မှုကို ပြစ်မှု နှင့် ပြစ်ဒဏ်မျှတရန် ဆရာများ၊ ကျောင်းသား/သူများနှင့် မိသားစုဝင်များက စောင့်ကြည့်မည်ဟု ပြောဆိုလိုက်သည်။
ယမန်နေ့က ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်ခြင်းဖြစ်သည်။
“ကျမတို့ဘက်က ဆုံးရှုံးမှုအကြီးအကျယ်ကြီးဖြစ်ထားတာ၊နိုင်ငံ့တာဝန်ကိုထမ်းဆောင်နေတဲ့ ဆရာမ တယောက်ရယ်၊ မကြာခင်ဘွဲ့ရတော့မယ့် ကျောင်းသားတယောက်ရယ် ဆုံးရှုံးသွားတဲ့အတွက် အင်မတန်မှ ထိခိုက်နစ်နာတဲ့ ဆုံးရှုံးမှုကြီးတခုဖြစ်ပါတယ်။ ဒီအမှုမှာလည်း မှန်ကန်တဲ့ တရားစီရင်ရေး ဖြစ်ဖို့အတွက် အစွမ်းကုန်ကြိုးစားပါ့မယ်။ အမှန်တရားကို ဘယ်အရာနဲ့မှ ဖုံးထားလို့မရပါဘူး။ ငွေဖြစ် စေ အာဏာဖြစ်စေ ဘယ်အရာနဲ့မှ ဖုံးထားလို့မရပါဘူး။ အမှန်တရားအတိုင်းဖြစ်အောင် ကျမတို့ ကျောင်းသားသမဂ္ဂက ကြိုးစားသွားပါ့မယ်” ဟု ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ ဝင် မသိမ့်သန္တာဦးက ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြည်နည်းပညာတက္ကသိုလ်မှ ပြန်လာသည့် စတုတ္ထ နှစ် မြို့ပြ အင်ဂျင်နီယာကျောင်းသားနှင့် ယင်းတက္ကသိုလ်မှ ဆရာမတို့ စီနင်းလာသည့် ဆိုင်ကယ်ကို ပြည်-ပေါက်ခေါင်းကားလမ်း သရေခေတ္တရာရှေးဟောင်းဇုန်ဝင်ပေါက်အနီး မြေ၊ကျောက်သယ်ကား က အနောက်မှဝင်တိုက်မိ၍ နေရာတွင်ပင် ကျောင်းသား သေဆုံးခဲ့ရပြီး ဆရာမ ဖြစ်သူမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့သည်။
ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဝင်းမြတ်ဟိန်းကလည်း ယင်းအမှုနှင့်ပတ်သက်၍ ထိုက်သင့်သည့် ပြစ်မှု ပြစ်ဒဏ်များ ချမှတ်ပေးရန် ပြည်နည်းပညာတက္ကသိုလ် မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စောင့်ကြည့်နေပြီး သေဆုံးခဲ့ရသည့် ကျောင်းသားမှာ ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ကြောင်း ပြောသည်။
ယာဉ်မောင်းသည် ယာဉ်တိုက်မှုဖြစ်ပွားစဉ်တွင် ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ရွှေတံခါး ရပ်ကွက် နေပြည်သူများ ဝိုင်းဝန်းဖမ်းဆီးပေးခဲ့၍ ဖေဖော်ရီလ ၂၇ ရက်နေ့က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄(က) ဖြင့် တရားစွဲထားကြောင်း ပြည်မြို့ အမှတ်(၃) ရဲစခန်းမှ ဒုရဲအုပ်သက်နိုင်က ပြောသည်။
“၃၀၄(က)ပါ လူသေသွားတဲ့အတွက် ဒီပုဒ်မဟာ ယာဉ်တိုက်မှုနဲ့ဖြစ်တာမို့လို့ ရာဇဝတ်လမ်းကြောင်းမှာ အပြင်းထန်ဆုံး ပြစ်ဒဏ်တခုပဲ။ တရားစီရင်ရေးအပေါ်မှာ မည်သူမှမရှိစေရဆိုတာရှိတယ်လေ။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့မှ ခိုင်မာအောင် တည်ဆောက်ပေးခဲ့လို့ပဲ ဥပဒေအရာရှိက ၃၀၄(က)နဲ့ တရားစွဲပါ ဆိုပြီး စွဲတင်နိုင်အောင် လုပ်ခဲ့ပြီးပြီ။ မြို့နယ် တရားသူကြီး ဒေါ်ချိုချိုနှင်းက ဒီအမှုဟာအရေးကြီးတဲ့ အမှုဖြစ်တဲ့အတွက်ကြောင့် သူကိုယ်တိုင်ပဲ ကိုင်တွယ်မယ်လို့ ပြောပါတယ်” ဟု ၎င်းကပြောသည်။