ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် တပ်မတော်ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ပတ်သက်ပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာ၌ တပ်မတော်ဘက်က အမြင်သဘောထားများ ပြောင်းလဲလာသည်ကို တွေ့ရသဖြင့် ငြိမ်းချမ်းရေး အလားအလာကောင်းလာမည့် အနေအထားရှိကြောင်း UNFC က ပြောသည်။
“ဆွေးနွေးစက NCA ကို ညှိနေတုန်းပါ။ အခြေအနေက အပြတ်ပြောလို့ မရသေးဘူး။ ကိုယ်စားလှယ်တွေ သွားနေ တယ်။ မကြာခင် သုံးလေးရက်အတွင်း သိရမယ်။ တပ်မတော်ရဲ့ သဘောထားက အလွတ်သဘော ဆွေးနွေးတာ လေ့လာကြည့်တာဆိုရင် တော်တော်လေး ပြောင်းလဲလာတယ်။ အခြေအနေက ကောင်းလာမယ့်ပုံ ရှိပါတယ်”ဟု UNFC ဒုဥက္ကဌ ဦးနိုင်ဟံသာ က ဧရာဝတီကို ပြောပြသည်။
သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှစ၍ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလာခဲ့ရာတွင် တပ်မတော်က သဘောထား တင်းမာကြောင်းနှင့် ညှိနှိုင်းမရဟု UNFC က လုပ်ငန်းစဉ်တလျှောက်လုံး ပြောဆိုမှုများရှိခဲ့သဖြင့် ယခုဆွေးနွေးပွဲ၌ တပ်မတော်၏ သဘောထားနှင့် ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ဦးနိုင်ဟံသာက အထက်ပါကဲ့သို့ ပြန်လည်ပြောဆိုခြင်း ဖြစ်သည်။
“အခု တပ်မတော်ဘက်ကလည်း တချို့ကိစ္စတွေကို အလွတ်သဘောနဲ့ ပြန်ညှိနှိုင်းကြည့်ပါတယ်။ အတွေးအခေါ်တွေ အမြင်တွေ ပြောင်းလဲလာတာတွေ ရှိတယ်”ဟု ဦးနိုင်ဟံသာက ထပ်မံပြောသည်။
တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးခြင်းသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ကိစ္စရပ်များအတွက် ဖြစ်သော်လည်း အလွတ်သဘော တွေ့ဆုံခြင်း ဖြစ်သဖြင့် ဆွေးနွေးပွဲပါ အချက်အလက်များကို အတည်ပြု ပြောဆိုနိုင်ခြင်း မရှိဟုလည်း ဦးနိုင်ဟံသာက ပြောဆိုသည်။
UNFC က NCA လက်မှတ် ရေးထိုးနိုင်ရန်အတွက် ကနဦးတွင် အချက် ၉ ချက်ပါ မူကြမ်းတစောင်ကို သဘောတူပေး ရန် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။
ပထမအချက်တွင် မူကြမ်း ၉ ချက်ကို သဘောတူပြီးပါက ၂၄ နာရီအတွင်း တပ်မတော်၊ အစိုးရတို့မှ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ကြေညာချက် ထုတ်ပြန်ပေးရမည်ဖြစ်ပြီး UNFC အဖွဲ့ဝင်များက ၄၈ နာရီအတွင်း အပစ်အခတ် ရပ်စဲ ရေး ကို အသီးသီး ထုတ်ပြန်ရမည်ဟု ပါရှိသည်။
ထိုအချက်နှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၈ ရက်က ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးက “တပ်မတော်ဘက်က အပစ် အခတ် ရပ်စဲရေးကို ဦးစွာလုပ်ပေးပါဆိုပြီး တောင်းဆိုချက်ပေါ့။ NCA လက်မှတ်ထိုးလိုက်ရင် NCA ဆိုတာ အပစ် အခတ် ရပ်စဲရေးစာချုပ်ပဲ။ ပြီးနေတဲ့ ကိစ္စပဲ”ဟု ပြောဆိုခဲ့သည်။
UNFC က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာရန် တောင်းဆိုထားသည်မှာ အပစ်အခတ် ရပ်စဲရေးကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ကြားတွင်သာ ချုပ်ဆိုခြင်း မဟုတ်ဘဲ ပြည်သူများနှင့် နိုင်ငံတကာကို ကြေညာပြီး အသိသက်သေထူ၍ စာချုပ်ခိုင်မာစေမည်ဟု ပြောဆိုထားသည်။
UNFC က ၎င်းတို့နှင့် အတူတကွ NCA လက်မှတ်ထိုးရန် တောင်းဆိုထားသည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ (TNLA၊ AA ၊ MNDAA) ကို တပ်မတော်က ငြိမ်းချမ်းရေး ဆွေးနွေးမည် မဟုတ်ကြောင်း၊ NCA ထိုးရန် ဖိတ်ခေါ်မည် မဟုတ်ကြောင်း ပြောဆိုထားသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ပန်ခမ်း ထိပ်သီး ညီလာခံ ကို တက်ရောက်ထားပြီး NCA အစား တရားမျှတသည့် ငြိမ်းချမ်းရေး စာချုပ်သစ်ကို ဖော်ဆောင်လိုကြောင်း ထုတ်ပြန် ထားသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် ပတ်သက်ပြီး ဦးနိုင်ဟံသာက “သူတို့ကို ပါစေချင်တယ်။ ပါနိုင်အောင်လည်း တောင်းဆို ပေးနေတာပါ။ တကယ်လို့ နောက်ဆုံး ကျနော်တို့နဲ့ မလိုက်ဘူး။ ဟိုဘက်ကိုပဲ ပါမယ်ဆိုလည်း သူတို့သဘောပါပဲ”ဟု ပြောသည်။
ငြိမ်းချမ်းရေး တည်ဆောက်ရေး လမ်းစဉ်တွင် တနိုင်ငံလုံး အေးချမ်းစေရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်လာရန် လိုအပ်သော်လည်း အဖွဲ့အစည်းများသည် တဖွဲ့နှင့်တဖွဲ့ မတူကြသဖြင့် မိမိတို့သွားကြသည့် လမ်းများ ကွဲ လျှင် လည်း ငြိမ်းချမ်းရေးရရန်သာ အရေးကြီးကြောင်း ဦးနိုင်ဟံသာက ဆက်ပြောသည်။
UNFC မူကြမ်း ၉ ချက်တွင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့် တွင် ပါရှိရမည့် အစုအဖွဲ့၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တပ်နေရာ ပြန်လည်ချထားရေး၊ အပစ်အခတ် ရပ်စဲရေးကို နိုင်ငံတကာ အသိသက်သေများ ထားရှိရေး၊ သဘောတူညီချက်များ ချိုးဖောက်ပါက နှစ်ဖက် ပြန်လည် စေ့စပ်ပေးရန် ဥပဒေ ပညာရှင်များ၊ တရားသူကြီးများ ထားရှိရေး စသည့် အချက်များ ပါဝင်သည်။
ထို့အပြင် တိုင်းရင်းသား ဒေသများတွင် အကျိုးသက်ရောက်မှု ကြီးမားမည့် စီမံကိန်းများ လုပ်ဆောင်မည်ဆိုပါက သဘာဝ သယံဇာတများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (EITI) ၏ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန်၊ ဒေသခံ ပြည်သူလူထုနှင့် သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရန် စသည့် အချက် များလည်း ပါဝင်သည်။
UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) သည် ယနေ့ နေပြည်တော်၌ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး NCA လက်မှတ် ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်သည်။
လာမည့် မတ်လ ၃ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN တို့ တွေ့ဆုံပြီး UNFC က NCA လက်မှတ်ထိုးနိုင်ရေးအတွက် တောင်းဆိုထားသည့် မူကြမ်း ၉ ချက်ကို ဆက်လက် ညှိနှိုင်းကြမည်ဖြစ်ကြောင်း သိရသည်။
DPN တွင် NCA မထိုးထားသည့် တိုင်ရင်းသားအဖွဲ့များမှာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက် ရေး ပါတီ/ ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ကရင်နီ အမျိုးသား တိုးတက် ရေး ပါတီ (KNPP)၊ ရခိုင် အမျိုးသားကောင်စီ (ANC) ၊ “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO) နှင့် လားဟူ အမျိုးသား ဒီမိုကရက် တစ်ပါတီ (LDU) တို့ ဖြစ်သည်။