သတင်း

UNFC အနေဖြင့် NCA လက်မှတ် ရေးထိုးနိုင်ရေး မသေချာ

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် တနိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) လက်မှတ် ရေးထိုးနိုင်ရေး မသေချာသေးသော်လည်း တိုးတက်မှုများ ရှိ၍ အစိုးရ၊ တပ်မတော်တို့နှင့် ဆက်လက် ညှိနှိုင်း အဖြေရှာသွားမည်ဟု UNFC ထံမှ သတင်းရရှိသည်။

မတ်လ ၁ ရက်နေ့က နေပြည်တော်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC မှ ဖွဲ့စည်းထားသည့် နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ တွေ့ဆုံ ဆွေးနွေးရာတွင် DPN က NCA လက်မှတ်ထိုးနိုင်ရေး အဆိုပြုထားသည့် အချက် ၉ ချက်ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“နိုင်ငံရေး ဆွေးနွေးမှု အဆင့်ဆင့်တွေမှာ ကျနော်တို့က ၃ ပွင့်ဆိုင် သဏ္ဍာန်နဲ့ သွားမယ် ဆိုတာကို ပြောထား ပါတယ်။ ဒီဟာနဲ့ ပတ်သက်လို့ ဒီနေန့အထိ နှစ်ဖက် သဘောတူနိုင်တဲ့ အခြေအနေ မရှိသေးလို့ ဆက်လက် ညှိနှိုင်း အဖြေရှာရဦးမှာပါ” ဟု DPN မှ ပြောရေးဆိုခွင့်ရှိသူ ခူဦးရယ်က မနေ့က ညပိုင်းတွင် သတင်းထောက် များကို နေပြည်တော်တွင် ပြောသည်။

UNFC ၏ အဆိုပြုချက် ၉ ခုတွင် ပါရှိသည့် အားလုံး ပါဝင်ရေးမူနှင့် NCA လက်မှတ် ရေးထိုးပြီး အသိ သက် သေအဖြစ် နိုင်ငံတကာ၏ ပါဝင်မှု အပေါ် တပ်မတော်နှင့် သဘောထား ကွဲလွဲမှုများ ရှိနေကြောင်း သိရ သည်။

ခူးဦးရယ်က “တနိုင်ငံလုံးမှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးပါဝင်မှသာ တနိုင်ငံလုံး လွှမ်း ခြုံတဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်မယ်လို့ ကျနော်တို့ဘက်က တထစ်ချ ယုံကြည်ထားပါတယ်” ဟု ပြောသည်။

“တဖက်က ဆွေးနွေးတယ်။ တဖက်ကလည်း စစ်ပွဲမှာ အတိုက်အခိုက်ခံနေတယ်။ တခါတည်း သဘောတူ လက်ခံနိုင်တဲ့ အနေအထားမျိုးနဲ့ ယုံကြည်လောက်တဲ့ အခြေအနေကိုလည်း တပ်မတော်ဘက်က မဖန်တီး ပေးနိုင်တာ အခက်အခဲ တခုလို့ ကျနော် မြင်ပါတယ်။ ဒါကြောင့် NCA လက်မှတ် ရေးထိုးနိုင်ဖို့ အတွက် ရှည်ကြာနေတာ”ဟု ၎င်းက ရှင်းပြသည်။

ထို့အပြင် NCA လက်မှတ် ရေးထိုးနိုင်ရေး ဆွေးနွေးနေချိန်တွင် မြေပြင်တိုက်ပွဲများ အရှိန်မြှင့်နေခြင်းက ငြိမ်း ချမ်းရေး ဆွေးနွေးဖက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အနေအထားကို စိတ်သက်သာမှု မရှိ ကြောင်း ခူးဦးရယ်က သတင်းထောက်များကို ပြောသည်။

UNFC အနေဖြင့် NCA လက်မှတ် ရေးထိုးနိုင်ရေးမှာ ၎င်းတိုု့ အဆိုပြုသည့် အချက် ၉  ခုတွင် တချို့မှာ ချက်ချင်း သဘောတူနိုင်သည့် အချက်များ ရှိသလို တချို့အချက်များက ဆက်လက် ညှိနှိုင်းရဦးမည့် အချက်များ ဖြစ်နေကြောင်း သိရသည်။

NCA လက်မှတ်ရေးထိုးပြီး တိုက်ပွဲများ မဖြစ်ပွားစေရန် စောင့်ကြည့်ပေးမည့် နိုင်ငံတကာ အဖွဲ့များ ထားရှိရန် UNFC ၏ သဘောထားကိုလည်း တပ်မတော်က သဘောမတူကြောင်း DPN က ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ ညှိနှိုင်းတာကတော့ အခုထိတော့ သဘောတူနိုင်တဲ့ အခြေအနေ မရှိဘူး။ အထူးသဖြင့် တပ်မတော်ရဲ့ အမြင်ကတော့ နိုင်ငံတကာ ပါဝင်လာရင် ပိုမို ရှုပ်ထွေးနိုင်တယ် ဆိုပြီး  သူတို့ ဘက်က အမြင်တွေ ရှိပါတယ်။ ဆွေးနွေးပွဲမှာလည်း သူတို့က အဲဒီ အမြင်တွေနဲ့ ဆွေးနွေးတာတွေ ရှိပါတယ်” ဟု ခူးဦးရယ်က ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတကာ ဆိုတိုင်း ဘက်လိုက်မှု မရှိဟု အာမ မခံနိုင်ကြောင်း၊ လူ့သဘော သဘာဝအရ လူတိုင်းသည် အကျိုးတရားနှင့် နှီးနွယ်လာပါက အားလုံး ဘက် လိုက်မှု ရှိသည်ကို သတိချပ်စေလိုကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်ဟု သိရသည်။

သို့သော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် DPN ကြား တွေ့ဆုံမှုသည် ပွင့်ပွင့်လင်းလင်း ဆွေ နွေးနိုင်ခဲ့သဖြင့် တိုးတက်မှုရှိကြောင်း၊ နောက်တဆင့်သို့ သွားနိုင်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လမ်းစ ပိုပြီး ပွင့်လာသည်ဟု မျှော်လင့်ကြောင်း DPN က ပြောသည်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် DPN တို့ကြား တရားဝင် တွေ့ဆုံမှု ၃ ကြိမ်၊ အလွတ်တွေ့ဆုံမှု ၂ ကြိမ် ရှိခဲ့ပြီး တွေ့ဆုံမှုများတွင် တပ်မတော်၏ သဘောထားများကို မှတ်သား၍ ခူးဦးရယ်က အထက်ပါ အ တိုင်း မီဒီယာများသို့ ပြောဆိုခြင်း ဖြစ်သည်။

မနေ့က တွေ့ဆုံမှုတွင် တပ်မတော်မှ ကိုယ်စားလှယ် ပါဝင်ခဲ့ခြင်း မရှိဘဲ ၂၁ ပင်လုံ ညီလာခံအတွက် ဆွေး နွေးသည့် ကိစ္စအထိ မရောက်ရှိသဖြင့် ညီလာခံ တက်ရောက်ရန် ၎င်းတို့ကိုလည်း အစိုးရ ဖိတ်ကြားမှု မရှိကြောင်း UNFC က မီဒီယာများသို့ ပြောဆိုသည်။
တပ်မတော်ကမူ မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် ရက္ခိုင့် တပ်မတော်(AA)၊ ကိုးကန့် (MNDAA)၊ ပလောင်(တအာင်း) လွတ်မြောက်ရေး တပ်မတော် (TNLA)တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည် မဟုတ် ကြောင်း တရားဝင် ပြောဆိုထားသည်။

Loading