သတင်း

ကမ်းရိုးတန်း သယံဇာတ အုပ်ချုပ်မှုစနစ် ထူထောင်မည်

Want create site? Find Free WordPress Themes and plugins.

ဇီဝမျိုးစုံ မျိုးကွဲများကို နိုင်ငံအဆင့် ထိန်းသိမ်းရန်၊ ပင်လယ်ကမ်းရိုးတန်းနှင့် ကျွန်းစုစနစ်များ ရေရှည် တည်တံ့ရေး စီမံ အုပ်ချုပ်နိုင်ရန် ကမ်းရိုးတန်း သယံဇာတ ဘက်စုံစီမံအုပ်ချုပ် လုပ်ကိုင်မှုစနစ် တရပ် ထူထောင်မည် ဖြစ်ကြောင်း ဒုသမ္မတ ဦးမြင့်ဆွေက ပြောသည်။

ယနေ့ နံနက်က နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနရုံးတွင် ကျင်းပသည့် ပထမအကြိမ် နိုင်ငံအဆင့် ပင်လယ် ကမ်းရိုးတန်းဒေသ သယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ အစည်း အဝေးတွင် ဒုသမ္မတ ဦးမြင့်ဆွေက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အဲဒီလို ပြုန်းတီး ပျက်စီးမှုတွေဟာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များသာမက နိုင်ငံရဲ့ ရေရှည် ဖွံ့ဖြိုး တိုးတက်မှု ကိုပါ ထိခိုက်စေပါတယ်”ဟုလည်း ၎င်းက ပြောသည်။

ပင်လယ် ကမ်းရိုုးတန်းဒေသ သယံဇာတ စီမံအုပ်ချုပ်မှုနှင့်ဆိုင်သော မူဝါဒ ချမှတ်မှု အားနည်းခြင်း၊ စီမံကိန်းများ ရေးဆွဲ အကောင်အထည် ဖော်ရာတွင် အစိုးရဌာန အချင်းချင်း ပေါင်းစပ် ဆောင်ရွက်မှု အားနည်းခြင်း၊ သဘာဝဘေး အန္တရာယ် ကျရောက်မှုကြောင့် ကမ်းရိုးတန်း သယံဇာတများ ပျက်စီးခြင်း တို့က မြန်မာ့ ကမ်းရိုးတန်းများ ရေရှည် တည်တံ့ နိုင်မှုကို ခြိမ်းခြောက်လျက် ရှိသည်ဟု သိရသည်။

ထို့ကြောင့် အစိုးရဌာန အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်သူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ သုတေသနနှင့် ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ် သည်ဟု သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က ပြောသည်။

“ဒီလို လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ထံကနေ နည်းပညာနဲ့ ရန်ပုံငွေများ ရရှိရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသ သယံဇာတ အရင်းအမြစ်များ ဆုံးရှုံးနေရခြင်းသည် လူဦးရေ တိုးပွားလာခြင်းနှင့် အတူ သယံဇာတများကို မဆင်မခြင် ထုတ်ယူအသုံးပြုကြပြီး ကမ်းရိုးတန်း ဂေဟစနစ်များမှ ရရှိသည့် လူမှုစီးပွားရေးနှင့် ပတ် ဝန်းကျင်ဆိုင်ရာ တန်ဖိုးများကို သိနားလည်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု ပင်လယ် ကမ်းရိုးတန်း ဒေသ သယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ အစည်း အဝေးမှ သိရသည်။

ထို့အပြင် ထင်းအလွန်အကျွံ ထုတ်လုပ်ခြင်း၊ မြေအသုံးချမှု ပြောင်းလဲလာခြင်း၊ ငါး သယံဇာတ အလွန်အကျွံ ထုတ်ယူ ခြင်း၊ တရားမဝင် သစ်ခုတ်၊ ငါးဖမ်း၊ ကျူးကျော်နေထိုင်ခြင်းနှင့် ရာသီဥတု ပြောင်းလဲလာမှုများကြောင့် နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံမှုကိုပါ ထိခိုက်စေကြောင်း သစ်တောဦးစီး ဌာနက ပြောသည်။

ရေသယံဇာတများ ထိန်းသိမ်းနိုင်ရန် တပ်မတော်(ရေ) နှင့် ဒေသခံ ပြည်သူအစုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည့် စနစ် တခုကိုလည်း အစိုးရက ဆောင်ရွက်မည်ဟု ဆိုသည်။

မြန်မာ့ ကမ်းရိုးတန်းသည် ကီလိုမီတာ ၂၈၀၀ ရှည်လျားကာ ဒီရေတော၊ သန္တာ ကျောက်တန်းနှင့် ပင်လယ်မြက်ခင်း ဂေဟ စနစ်များ တွေ့ရှိရပြီး ယင်းဂေဟ စနစ်များက ကမ်းရိုးတန်းဒေသနေ ပြည်သူများနှင့် နိုင်ငံအတွက် ရေထွက် ကုန် နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုတို့ကို ပေးအပ်လျက် ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading