သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအမျိုးသမီး လုပ်ငန်းရှင် ၉ ဦး စကားဝိုင်းဆွေးနွေးမည်

Want create site? Find Free WordPress Themes and plugins.

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် “မြန်မာအမျိုးသမီးများ ရက်သတ္တပတ်” အစီအစဉ် ဖွင့်ပွဲကို မတ်လ ၆ ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအမျိုးသမီး လုပ်ငန်းရှင် ၉ ဦး တို့က စကားဝိုင်း ဆွေးနွေးမည်ဟု သိရသည်။

မတ်လ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မတ်လ ၆ ရက်တွင် ထိုအခမ်းအနားကို နေပြည်တော်၌ ကျင်းပမည်ဖြစ်ပြီး၊ ဖိုရမ်တရပ်ပါ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာအမျိုးသမီးများ ရက်သတ္တပတ်” အစီအစဉ်ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မုံရွာနှင့် မော်လမြိုင်မြို့တို့တွင် ၇ ရက်တာ ပြုလုပ်သွားမည်ဟု ဆိုသည်။ ထိုအစီအစဉ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် ကမ္ဘောဇဘဏ် အုပ်စုတို့က ပူးပေါင်းလုပ်ဆောင်မည်ဟု သိရသည်။

မြန်မာအမျိုးသမီးများ ရက်သတ္တပတ် အစီအစဉ်၏ ပြောရေးဆိုခွင့်ရှိသူ ကမ္ဘောဇဘဏ်မှ ဒေါ်ယုဝေမောင်က “ ဖိုရမ်ကို ပြည်သူအားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု ( Creating Inclusive Growth) လို့ အမည်ပေးထားတယ်။ ဒီဖိုရမ်က အမျိုးသမီးများရဲ့ စွမ်းရည်မြင့်တင်ရေးကို ဦးတည်ပြီး ဆွေးနွေးသွားမှာပါ” ဟု ဆိုသည်။

ဖိုရမ်တွင် ကျား-မ တန်းတူရေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာများ၊ အနာဂတ်သည် အမျိုး သမီးများ ဖြစ်သည်၊ ကျား-မ ကွာဟမှုများကို ချိတ်ဆက်ခြင်း စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောမည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါဖိုရမ်တွင် UN Women က ကျား-မတန်းတူညီမျှရေးအတွက် ကတိပြုချက်တစောင်ကို ရေးဆွဲသွားမည်ဟု သိရသည်။ ရက်သတ္တပတ် အစီအစဉ်အဖြစ် မတ်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ဝဇီရာရုပ်ရှင်ရုံ၌ “The Power of Film” ဟု အမည်ပေးထားသည့် ပညာပေးရုပ်ရှင်မှတ်တမ်း ပြသမည် ဖြစ်သည်။

ထို့အပြင် ရန်ကုန်၊ မန္တလေး၊ မုံရွာနှင့် မော်လမြိုင်မြို့တို့တွင် မတ်လ ၈ ရက်မှ ၁၂ ရက်အထိ အမျိုးသမီး စာရေးဆရာမများနှင့် အမျိုးသမီးရေးရာ စာအုပ်ပွဲတော်များ ကျင်းပပြီး၊ စာပေဟောပြောပွဲများ ပြုလုပ်မည်ဟု သိရသည်။

မြန်မာအမျိုးသမီးများ ရက်သတ္တပတ်အစီအစဉ်ကို နိုင်ငံတကာ သံရုံးများ၊ ပုဂ္ဂလိကနှင့် NGO အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ (MNCWA) ၊ ကျား-မရေးရာ တန်းတူညီမျှရေးကွန်ရက် (GEN) ၊UN Global Compact Myanmar ၊ ကုလသမဂ္ဂ အမျိုးသမီးများ အဖွဲ့အစည်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၊ Action Aid ၊ Global Shapers ၊ Australia-Myanmar Chamber of Commerce ၊ British Chamber of Commerce Professional Women’s Network တို့ ပါဝင်ကူညီမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကမ္ဘောဇအုပ်စု၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ၊City Mart Holdings ၊ အခရာ အမျိုးသမီးများအဖွဲ့၊ Forever Group ၊ Irrawaddy Publishing Group နှင့် Yangon Bake house , Sumitomo Mitsui Banking Corporation (SMBC) ၊ Myanmar Industrial Port (MIP) ၊ Young Investment Co.,Ltd ၊ Singapore Myanmar Investco (SMI) ၊ Yathar Cho Industry Ltd ၊ Forever Gems ၊ Mahanyi ahko Co.,Ltd နှင့် City Mart Holdings တို့မှ ပံ့ပိုးကူညီမည်ဟု ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် နှစ်စဉ်မတ်လ ၈ ရက်တွင် ကျရောက်ပြီး၊ နိုင်ငံတကာတွင် ၁၉၉၀ အစောပိုင်းမှ စတင်သတ်မှတ်ပြီး၊ အမျိုးသမီးများနှင့် အမျိုးသားများအကြား တန်းတူအခွင့်အရေး ရရှိရေး၊ အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ရေးနှင့် ပတ်သက်ပြီး လှုပ်ရှားမှုများ၊ အထိမ်းအမှတ်ပွဲများ ၊ ဟောပြောပွဲများ နှစ်စဉ် ကျင်းပကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading