ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသား နှစ်ဦးကို ထိုင်းနိုင်ငံ၏ အယူခံ တရားရုံးက သေဒဏ်အဖြစ် ထပ်မံ အတည်ပြုခဲ့ခြင်းအပေါ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က စိတ်မကောင်း ဖြစ်နေကြောင်း သမ္မတရုံး ဒု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောသည်။
ဦးဇော်ဌေး က “ဒီသတင်းကို ကြားပြီး သူ (ဒေါ်အောင်ဆန်းစုကြည်) လည်း တော်တော်လေး စိတ်မကောင်းဘူး။ စိတ် မကောင်းတော့ အခု ဘယ်လို ဖြစ်ရတာတွေဆိုတာ ကျနော်တို့က မေးမြန်း နေရတာ ဖြစ်ပါတယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံ၏ အယူခံတရားရုံးက သေဒဏ်အဖြစ် ထပ်မံအတည်ပြုခြင်းခံလိုက်ရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့ ၂ ဦးအတွက် အယူခံအောင်မြင်ရန် အစိုးရအနေဖြင့် ခိုင်မာသည့် သက်သေ အထောက်အထားများ ထပ်မံပြင်ဆင်နေပြီ ဟုလည်း ပြောဆိုသည်။
“အယူခံတင်တဲ့အခါ ဘာတွေ အားနည်းချက်ရှိခဲ့လဲ။ ဘာတွေက မခိုင်မာဖြစ်ခဲ့လဲ။ အဲ့ဒီအပေါ်မှာ ကျနော်တို့ ထိုင်း ရှေ့နေ များ ကောင်စီနဲ့ အသေးစိတ် ပြန်ဆွေးနွေးရမယ်။ ဒီ့ထက် ပိုခိုင်မာတဲ့ သက်သေ အထောက်အထားတွေနဲ့ ကျနော်တို့ ပြန် တင်ပြရမှာ ဖြစ်ပါတယ်”ဟု ဦးဇော်ဌေး က ပြောသည်။
မြန်မာသံရုံး လိပ်ကျွန်း လူသတ်မှှု အထူးစုံစမ်းရေးအဖွဲ့ တာဝန်ရှိသူ ဦးထူးချစ်က ၎င်း၏ လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာတွင် ထိုင်း အစိုးရ၏ လုပ်ထုံးလုပ်နည်း ဥပဒေ အရ အယူခံ အမိန့် (ပယ်ချ) ချလိုက်သည့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်မှစ၍ တလအတွင်း အယူခံကို ပြန်လည်တင်ရမည် ဖြစ်သည်ဟု ရေးသားထားသည်။
ပယ်ချလိုက်သည့် အယူခံကို ထိုင်းအစိုးရ၊ အမှတ်(၈) အယူခံတရားရုံးမှ စာမျက်နှာ ၂၀၁ မျက်နှာဖြင့် ပြန်လည် ရှင်းလင်း ထားသဖြင့် ထိုအချက်များကို မြန်မာနိုင်ငံသား ၂ ဦးဘက်က ပြန်လည် ချေပနိုင်ရန် ထိုင်းရှေ့နေများ ကောင်စီက မတ်လ ၈ ရက်တွင် ပြန်လည် ဆုံးဖြတ်မည်ဟု သိရသည်။
ဦးထူးချစ်က “အယူခံလွှာသည် အမှတ်(၈) ဒေသ၊ အယူခံတရားရုံးကို ဦးတည်လျှောက်ထားခြင်း ဖြစ်ပြီး မိမိတို့ အနေဖြင့် ဗဟို တရားရုံး (High Court) ကို တင်သွင်းရန် အခွင့်အရေး ရှိဦးမည်”ဟုလည်း ရေးသား ထားသည်။
ဦးဇော်ဌေးကလည်း လိပ်ကျွန်းအမှုသည် ယခုအခါ ဒုတိယအကြိမ်ဖြစ် အယူခံဝင်ပါက ထိုင်းနိုင်ငံ ဗဟိုတရားရုံးချုပ် (High Court) တွင် အယူခံ တင်သွင်းရမည်ဖြစ်သဖြင့် အရေးကြီးသည်ဟု ဆိုသည်။
“High Court ဆိုတာ ဘယ်နေရာမှာမဆို နောက်ဆုံးအယူခံဖြစ်တယ်။ သူတို့ နှစ်ယောက်အတွက် အရေးကြီးတယ်။ အစိုးရ ကလည်း ဒါကို တော်တော်လေးစိတ်ပူတယ်။ စိတ်ပူတဲ့အတွက် ကျနော်တို့ သံရုံးနဲ့ ရှေ့နေများ ကောင်စီနဲ့ တွေ့ပြီးပြီ။ ကျနော် တို့ ဘာတွေ ဆက်လုပ်မလဲဆိုတာ ဆွေးနွေးထားပြီးပြီ”ဟု ဦးဇော်ဌေးက ပြောသည်။
လိပ်ကျွန်းအမှုကို ဆောင်ရွက်ရန် အစိုးရက အားကောင်းသည့် ကော်မတီတရပ် ပြန်လည် ဖွဲ့စည်းကာ ထိုင်းတရား ဥပဒေ အရ အယူခံဝင်ရန် အလေးထားဆောင်ရွက်နေပြီး အမှုတွင် လိုက်လံ ကူညီနေသည့် မြန်မာသံရုံး လိပ်ကျွန်း လူသတ်မှု အထူး စုံစမ်းရေးအဖွဲ့ နှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်ဟု ဦးဇော်ဌေးက ဆိုသည်။
ဝင်းဇော်ထွန်း နှင့် ဇော်လင်း တို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေ တရားရုံးက လိပ်ကျွန်းကို အလည်လာသည့် ဗြိတိန် နိုင်ငံသား စုံတွဲ နှစ်ဦးကို သတ်မှုဖြင့် စွဲဆို၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ် ချမှတ်ထားခြင်း ဖြစ်သည်။
ယင်းသို့ သေဒဏ် ချမှတ်ထားခြင်း အပေါ် ဝင်းဇော်ထွန်းနှင့် ဇော်လင်း တို့ဘက်မှ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၊ မြန်မာ ရှေ့နေများ၊ မြန်မာသံရုံး တို့က ပူးပေါင်းပြီး ၂၀၁၆ ခုနှစ် မေလက အယူခံလွှာ တင်သွင်းခဲ့ရာ ထိုင်းအစိုးရ အယူခံ တရားရုံး က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပယ်ချလိုက်ခြင်း ဖြစ်သည်။
ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့သည် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လိပ်ကျွန်းသို့ လာရောက် လည်ပတ်နေသည့် ဗြိတိန် နိုင်ငံသားများ ဖြစ်သည့် အသက် ၂၄ နှစ်ရှိ ဒေးဗစ်မေလာ နှင့် အသက် ၂၃ နှစ်ရှိ ဟန်နာဝစ်သာရစ်ဂျ် တို့ အသတ်ခံ ရမှု အပေါ် သံသယ တရားခံအဖြစ် ဖမ်းဆီးရာမှ ပြစ်မှုကျူးလွန်သည်ဟု ဆုံးဖြတ်ခဲ့သည်။
လူသတ်မှုနှင့်ပတ်သက်ပြီး ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့က ဝန်ခံခဲ့သည်ဟု ထိုင်းရဲများက ထုတ်ပြန် ကြေညာ ခဲ့ကြသော် လည်း နောက်ပိုင်းတွင် ထိုင်းရဲများ၏ နှိပ်စက်ကာ ဝန်ခံခိုင်းခဲ့ခြင်း တို့ကြောင့် ဝန်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ လူသတ်မှု မကျူး လွန်ကြောင်း ထွက်ဆိုထားသည်။
အဆိုပါ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှု ရရှိရေးအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ နှင့် တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သလို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး လိပ်ကျွန်း လူသတ်မှု အထူးစုံစမ်းရေးအဖွဲ့ ကိုလည်း ဒေါ်လာ ၅၀၀၀ လှူခဲ့ဖူးသည်။