ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဦးကိုနီအသတ်ခံရမှုတို့အပေါ် ဆရာတော် ဦးဝီရသူ၏ မိန့်ကြားချက်နှင့် ပတ် သက် ၍ သံဃာ အဖွဲ့အစည်းကသာ ကွပ်ကဲဆောင်ရွက်ရမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာန ညွန်ကြားရေးမှူး ဦးမြင့်ဇော်ဝင်းက ပြောသည်။
“သံဃာတော်တွေနဲ့ ပတ်သက်လို့ ဥပဒေ ချိုးဖောက်တာတွေ၊ သာမဏ သာရုပ္ပ မဖြစ်တာတွေကို သံဃာ အဖွဲ့အစည်း တွေကပဲ ကွပ်ကဲတာပါ၊ ခုထိတော့ ကျနော်တို့ဆီ ဘာညွန်ကြားချက်၊ အကြောင်းကြားချက်မှမရှိပါဘူး”ဟု ပြောသည်။
ဆရာတော် ဦးဝီရသူက ဦးကိုနီအသတ်ခံရမှုနှင့် ပတ်သက်ပြီး “အနာဂတ် မြန်မာ့သာသနာ အတွက် စိုးရိမ်မှုတွေ ကင်း ပျောက်သွားလို့ စိတ်သက်သာရာတော့ ရလိုက်တယ်၊ ကြည်လင်းကို ကျေးဇူးတင်တယ်၊ အောင်ဝင်းဇော်ကို ကျေးဇူး တင်တယ်၊ အောင်ဝင်းခိုင်ကို ကျေးဇူးတင်တယ်၊ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်၊ သူတို့ မိသားစုတွေကို စာနာမိ တယ်” ဟု ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။
ဆက်လက်ပြီး “တပ်ကိုယ်စားလှယ်တွေကို မောင်းထုတ်ချင်သူတွေ သတိထားကြ၊ ခြေဥဖျက်ချင်တဲ့သူတွေ သတိထား ကြ၊ ကြည်လင်းတွေ ချောင်ကြိုချောင်ကြားက ထွက်လာမှ မဘသ ကို လွှဲမချကြနဲ့”ဟုလည်း ရေးသားခဲ့သည်။
ထိုသို့ရေးသားချက်များနှင့်ပတ်သက်၍ သံဃာတော်တပါးအနေဖြင့် မပြောသင့်ကြောင်း၊ ထိုသို့ ပြောဆိုမှုများသည် မျိုးချစ် သံဃာတော်တပါး၏ အပြုအမှုမျိုး မဟုတ်သည့်အတွက် သံဃာ အများစုက လက်မခံနိုင်ကြောင်း ရွှေဝါရောင် ပညာဒါန ကျောင်းမှ ဆရာတော် ဦးပဏ္ဍဝံသ (ပြည်ကျော်) က မိန့်ကြားသည်။
“သူ့အနေနဲ့ နိုင်ငံရေးအတွက် ဘာသာရေးကို ခုတုံးလုပ်နေတာပဲဖြစ်တယ်၊ အရင်ကတည်းက စစ်တပ်နဲ့ပြည်ခိုင်ဖြိုး ပါတီဘက်ကိုပဲ အမြဲလိုက်ပြီးပြောခဲ့တာပါပဲ၊ NLD ကို မဲပေးရင် ကုလား တိုင်းပြည် ဖြစ်သွားမယ် ဆိုပြီးပေါ့”ဟု ဦးပဏ္ဍဝံသက မိန့်သည်။
အရှင်ခေမာနန္ဒ (မိုးသု-မန္တလေး)ကလည်း “တခြားသူ သတ်တာကို ကိုယ်က သဘောတူတယ် ဆိုတာလည်း ပါရာဇိက နဲ့ငြိနိုင်တယ်၊ ဒါကနိုင်ငံရေး၊ ဘာသာရေး မဟုတ်တော့ဘူး၊ စိတ်ထဲမှာရှိနေတဲ့ အမုန်းစိတ်နဲ့ပဲ ဆိုင်မယ်ထင်ပါတယ်” ဟု မိန့်ကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြွေးကြော်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ အစိုးရ လက်ထက် တွင် ပါတီ၏ ဥပဒေ အကြံပေး ဦးကိုနီ အသတ်ခံရခြင်းနှင့်အတူ ဦးဝီရသူ၏ သတိပေး ပြောစကားသည် လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်လိုသည့် ပြည်သူများအပေါ် ခြိမ်းခြောက်လိုက်ခြင်းသာ ဖြစ်ကြောင်း ပြည်သူ တချို့က ဝေဖန်လျက် ရှိသည်။
ဦးဝီရသူ၏ အထက်ပါ ပြောဆိုချက်များနှင့် ပတ်သက်၍ နိုင်ငံတော် သံဃ မဟာနာယက(မဟန) အဖွဲ့ဝင် ဆရာတော် ၂ ပါးထံသို့ သဘောထားမှတ်ချက် တောင်းခံခဲ့သော်လည်း မှတ်ချက်ပေးရန်မရှိသေးကြောင်း မိန့်ကြားခဲ့သည်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ) က ဦးဝီရသူ၏ ရေးသား ဖော်ပြချက်များသည် ၎င်း၏ သဘော ထားသာ ဖြစ်ကြောင်း ပြောကြားထားပြီး မဘသ အနေဖြင့် လုပ်ကြံ အသတ်ခံရသူတိုင်း၏ မိသားစုများနှင့် ထပ်တူ ထပ်မျှ ဝမ်းနည်းကြောင်းနှင့် ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သော မည်သည့်အကြမ်းဖက် လုပ်ရပ်မျိုးကိုမဆို ပြင်းထန် စွာ ကန့်ကွက်ရှုတ်ချပါကြောင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။