ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ် ရွှေလင်ပန်း စက်မှုဇုန်ရှိ ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံ ပြဿနာသည် သာမန် အလုပ်ရှင် အလုပ်သမား ပြဿနာ တရပ်သာဖြစ်ပြီး မြန်မာ – တရုတ် နှစ်နိုင်ငံ ပြဿနာတရပ် အဖြစ် အသုံးမချရန် အလုပ်သမား အဖွဲ့များက ပြောဆိုလိုက်သည်။
တရုတ် လူမျိုးပိုင် ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံ အလုပ်သမား ပြဿနာကို ပုံကြီးချဲ့ပြီး နိုင်ငံရေးအရ အသုံးချလိုသည့် ရည်ရွယ်ချက်ဖြင့် တရုတ် သံရုံးနှင့် တရုတ် သတင်းဌာနတို့က နိုင်ငံရေးအရ ပုံဖော်ဖိအားပေးခဲ့သည်ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဥက္ကဌ ဦးမောင်မောင်က ပြောသည်။
“တရုတ်သံရုံးကို ပြောချင်ပါတယ်။ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ ရှိပါတယ်။ ဖိအားမပေးပါနဲ့လို့ ပြောချင်တယ်။ နိုင်ငံရဲ့ လူမှုစီးပွားရေး စနစ် ပြောင်းလဲနေတဲ့အချိန်မှာ ကျနော်တို့ ယန္တရားကို အချိန်ပေးဖို့လိုပါတယ်”ဟုလည်း ဦးမောင်မောင်က ပြောကြားသည်။
ရန်ကုန်မြို့ရှိ Orchid ဟိုတယ်၌ ယနေ့ ပြုလုပ်သည့် ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံ အလုပ်သမား အငြင်းပွားမှုနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံ၏ အလုပ်သမားအငြင်းပွားမှု ပြဿနာကဲ့သို့ ပြည်တွင်း၌ ၂၀၁၆ ခုနှစ်အတွင်း အလုပ်ရှင် – အလုပ်သမား ပြဿနာပေါင်း ၁၆၈ မှု ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမား အဖွဲ့ချုပ် လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ဇာအောင် က “သံရုံးကတော့ သူ့ခေါ်ရင် လာကြည့်မယ်။ အလုပ်ရှင်ဘက်က ဘယ်လိုချိုးဖောက်လို့ ဘာဖြစ်ရတယ်ဆိုတာ သိရမှာ မဟုတ် ဘူး။ သူတို့ကိုပြောတာကို အမှန်ထင်မှာပဲ။ ဘယ်သူ့ကိုမှ Confirm မလုပ်ဘူး။ ဘယ်သူ့ကိုမှ မမေးဘူး။ တစ်ဖက် ပြောစကားနဲ့ ထုတ်ပြန်လိုက်တာ”ဟု ပြောသည်။
ဟန်ကျိုးပိုင်ရီ စက်ရုံတွင် အလုပ်သမားပဋိပက္ခများ မကြာခဏ ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် အလုပ်ရှင်အလုပ်သမား ပဋိပက္ခအပြီးနောက်ပိုင်း စက်ရုံကို ယာယီ ရပ်နားထားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၃ ရက်က ဖြစ်ပွားခဲ့သည့် ဟန်ကျိုးပိုင်ရီ စက်ရုံ၏ အလုပ်ရှင်၊ အလုပ်သမား ပြဿနာနှင့်ပတ်သက်ပြီး တရုတ် သံရုံးက ၎င်းတို့နိုင်ငံသားများ၏ အသက်လုံခြုံရေးနှင့် အကျိုးစီးပွားကို အကာအကွယ်ပေးရန်နှင့် ကျူးလွန်သူ များကို အရေးယူရန် တောင်းဆိုချက်ကို တရုတ်သံရုံး၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။