ကျောင်းသားတဦးအား လိင်တူကာမစပ်ယှက်မှု ပြုုလုပ်ခဲ့သည်ဟုဆိုကာ ရဲတပ်ဖွဲ့၏ ဖမ်းဆီး ထိမ်းသိမ်းခြင်း ခံနေရသည့် မြောင်းမြမြို့နယ်၊ ကဝက်ကျေးရွာအထက်တန်းကျောင်း ကျောင်းအုပ် ဦးအောင်အောင်၏ အမှုအား အမှန်အတိုင်း ဖော်ထုတ်ပေးရန် ကဝက်ကျေးရွာမှ ဒေသခံများနှင့် ကျောင်းသားမိဘ ၂၀၀ ကျော်က မြောင်းမြမြို့တွင် မတ်လ ၃ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
“ဆရာကြီးက စည်းကမ်းကြီးတယ်၊ တပည့်တွေအပေါ်မှာလည်း စေတနာအရမ်းထားတော့ တာဝန်မကျေတဲ့ ဝန်ထမ်းတွေကိုလည်း ဆုပေး၊ ဒဏ်ပေးစနစ်တွေ မင်နီတားတာတွေလုပ်ခဲ့လို့ မကျေနပ်တဲ့ ဆရာ၊ဆရာမတွေက မဟုတ်မမှန်တာတွေ အခြေခံပညာ ဦးစီးဌာနကို တိုင်တယ်။ ဒါ့အပြင် ရဲစခန်းမှာပါ အမှုဖွင့်ခဲ့တဲ့အတွက် ဆရာကြီးရဲ့ ဂုဏ်သိက္ခာရော မိသားစုတွေပါ လူမှုရေးအရ အဘက်ဘက်က နစ်နာနေတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်ရတာပါ။ အမှုကို အမှန်အတိုင်းဖော်ထုတ်ပေးစေချင်ပါတယ်”ဟု ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်ခဲ့သူ ဦးသက်ကိုက ဧရာဝတီကို ပြောသည်။
အသက် ၅၀ ကျော်အရွယ် ကျောင်းအုပ်ကြီး ဦးအောင်အောင်မှာ ပြီးခဲ့သည့်နှစ်မတ်လအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုချိန်ကာလတွင် အသက် ၂၃ နှစ်အရွယ် ၁၀ တန်းကျောင်းသားအား ဓမ္မတာနှင့်ဆန့်ကျင်သော လိင်ဆက်ဆံမှု ပြုလုပ်ခဲ့သည်ဟုဆိုကာ အဆိုပါကျောင်းသားဟောင်းက ကျောင်းအုပ်ကြီးအား မြောင်းမြမြို့မရဲစခန်းတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင်ခဲ့သည်။
အမှုဖွင့်ပြီးနောက် ၄ ရက်အကြာ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ရဲတပ်ဖွဲ့က စွပ်စွဲခံနေရသည့် ကျောင်းအုပ်ကြီး ဦးအောင်အောင်အား ပုဒ်မ ၃၇၇ ဖြင့် ဖမ်းဆီးခဲ့ပြီး မြောင်းမြမြို့ရဲမစခန်းတွင် ရမန်ယူကာ ထိမ်းသိမ်း ထားခဲ့သည်။
“ဆရာကြီး မရှိတော့ သူဖွင့်ထားတဲ့ စာကျက်ဝိုင်းတွေလည်း ပိတ်လိုက်ရတယ်။ အခုဆို ၁၀ တန်းဖြေမယ့် ကလေးတွေကအစ ဖြေချင်စိတ်မရှိတော့ဘူးဆိုပြီး အကုန်လုံး စိတ်ဓာတ်တွေ ကျကုန်တယ်။ ကျနော့် သားသမီးတွေကအစ ဒီနှစ် ၁၀ တန်း မဖြေတော့ဘူးလို့ ပြောနေတယ်။ ဒါကြောင့် ဆရာကြီးအမှုကို အမှန်အတိုင်း အမြန်ဆုံးဖော်ထုတ်ပေးဖို့ တောင်းဆိုပါတယ်”ဟု ကဝက်ကျေးရွာမှ ကျောင်းသားမိဘ တဦးဖြစ်သူ ဦးမြင့်ဦးက ပြောသည်။
ဆန္ဒဖော်ထုတ်သူများသည် ကျောင်းအုပ်ဆရာကြီးအား လုပ်ကြံဖန်တီးသိက္ခာကျအောင် လုပ်ဆောင်သူ ကဝက်ကျေးရွာမှ ဆရာ၊ ဆရာမ ၅ ဦးအား အရေးယူပေးရေး၊ ဖြစ်ရပ်မှန်မဟုတ်ဘဲ သတင်းမီဒီယာ အချို့နှင့် တွေ့ဆုံ၍ သတင်းမှားများ ဖန်တီးလုပ်ဆောင်ခဲ့သူများအား အရေးယူပေးရေး၊ ကျောင်းသားများ စာမေးပွဲရက်နှင့် အချိန်ကိုက်ကြိုတင်ကြံစည်ပြီး ကျောင်းသားများနှင့်မိဘများ ကိုယ်စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ဆောင်ခဲ့သူများအား အရေးယူပေးရေးနှင့် အမှုမှန် အမြန်ဆုံးပေါ်ပေါက်ရေးစသည့် ကြွေးကြော်သံများဖြင့် ယမန်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ မြောင်းမြမြို့အန့ှံ လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျောင်းအုပ်ကြီး ဦးအောင်အောင်အနေဖြင့် ကျောင်းသားများကို ခြိမ်းခြောက်ပြီး ကာမရယူခြင်း၊ ကျောင်းသားများထံမှ ငွေကောက်ခံခြင်းနှင့် ကျောင်းထောက်ပံ့ငွေများကို ကိုယ်ကျိုးအတွက် အသုံးပြုခြင်းများ ပြုလုပ်နေကြောင်း ကဝက်ဒေသခံ ကျောင်းသားမိဘများနှင့် ဆရာတချို့က အခြေခံပညာ ဦးစီးဌာနရုံးချုပ်သို့ စာပို့တိုင်ကြားခဲ့သည့်အတွက် အခြေခံပညာဦးစီးဌာနညွှန်ကြားချက်ဖြင့် မြောင်းမြခရိုင် ပညာရေးမှူး၊ မြောင်းမြမြို့နယ်ပညာရေးမှူးနှင့် လက်ထောက် ညွှန်ကြားရေးမှူးတို့ပါဝင်သည့် အဖွဲ့ဖြင့် ဖေဖော်ဝါရီလ အတွင်းက ဌာနတွင်းခုံရုံးဖွဲ့ စစ်ဆေးမှုများ လုပ်ဆောင်ထားပြီး ကျူးလွန်ကြောင်း ထင်ရှားပါက ဌာနတွင်း အရေးယူသွားမည်ဟု တိုင်းပညာရေးဌာနက ထုတ်ဖော်ပြောဆိုထားသည်။
မှုခင်းနှင့်ပတ်သက်သည့် နောက်ဆုံးအခြေအနေကို မြောင်းမြမြို့မရဲစခန်းမှ ဒုရဲမှူး အေးမင်းသိန်းက “ဆရာကြီး အမှုကို မြောင်းမြခရိုင်ဥပဒေရုံးကို အကြံတောင်း တင်ထားပါတယ်။ လိုအပ်ချက်တချို့ ကျန်နေတဲ့ အတွက် တရားလိုဘက်ကို ပြန်စစ်ဖို့ အထက်က ပြန်ချပေးထားပါတယ်။ တရားလိုဘက်စစ်ပြီးရင် အမှုကို ပြည့်စုံအောင် တည်ဆောက်ပြီးတဲ့အခါမှာ တရားစွဲဆိုတင်ပို့သွားမှာပါ”ဟု ဧရာဝတီသို့ ပြောခဲ့သည်။