ဆော်ဒီအာရေဗျဘုရင် ဆယ်လမန် အဗဒူလာဇစ် အယ်လ်စောဒ်သည် သူ၏ လရှည်ကြာမြင့်မည့် အာရှခြောက်နိုင်ငံခရီးစဉ်တွင် ဒုတိယမြောက် ရပ်နားရာ အင်ဒိုနီးရှားနိုင်ငံသို့ မတ်လ ၁ ရက်နေ့က ရောက်ရှိလာခဲ့သည်။
သတင်းများ၏ အဆို ဝန်ကြီး ၁၀ ဦး၊ မင်းသား ၂၅ ပါးနှင့် လုံခြုံရေးအရာရှိ ခန့်မှန်းခြေ ၁၀၀ ခန့်အပါအဝင် လူ ၁၅၀၀ ခန့်ဘုရင်နှင့်အတူ လိုက်ပါလာကြသည်။ ထိုခရီးစဉ်ကို သယ်ယူပို့ဆောင်ရေး၊ နေရာချထားရေးနှင့် ကျွေးမွေးရေးဆိုင်ရာ စီမံခန့်ခွဲမှုအောင်ပွဲအဖြစ်လည်း သတ်မှတ်ကြသည်။ အင်ဒိုနီးရှားသို့ လာရောက်ရန် လေယာဉ်ခရိးစဉ် ၂၇ ခု လိုအပ်ပြီး ပြန်လည်ထွက်ခွာရာတွင် လေယာဉ်ခရီးစဉ် ၉ ခု လိုအပ်သည်။
သူနှင့်အတူ လိုက်ပါလာသူများနှင့်အတူ ကုန်ပစ္စည်း ၄၅၉ တန်၊ လေယာဉ်အဆင်းအတက်အတွက် လျှပ်စစ်စက်လှေခါးနှစ်စင်း၊ Mercedes Benz S600 နှစ်စီးနှင့် ဟာလာပြုလုပ်ပြီး အစားအသောက် အမြောက်အများပါလာသည်ဟု ဆော်ဒီအရာရှိတဦးကို ကိုးကားပြီး Dow Jones က ရေးသားသည်။ ထိုကုန်ပစ္စည်းများသည် ဘလူးဝေးခေါ် ဝေလငါး ၃ ကောင်၏ အလေးချိန်နှင့် ညီမျှပြီး ထိုကုန်ပစ္စည်းများကို ကိုင်တွယ်နိုင်ရန် အလုပ်သမား ၅၇၀ လိုအပ်သည်ဟု လေကြောင်းကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း Pt Jasa Angkasa Semesta က CNN သတင်းဌာနကို ပြောသည်။
အသက် ၈၁ နှစ်ရှိပြီဖြစ်သော ဆော်ဒီဘုရင်သည် ခရီးပ ထမဆုံးရပ်နားရာ ကွာလာလမ်ပူတွင် လေယာဉ်မှ ဆင်းသက်သောအခါ ကိုယ်ပိုင်စက်လှေခါးကို အသုံးပြုခဲ့သည်ကို တွေ့ရသည်။ သူနှင့်လိုက်ပါလာသူများအတွက် ကွာလာလမ်ပူတွင် ဟိုတယ်သုံးလုံးကို ကြိုတင်မှာကြားခဲ့သည်။ သူ၏ မလေးရှားခရီးစဉ်အတွင်း ဆော်ဒီရေနံလုပ်ငန်းကြီးတခုဖြစ်သော Aramco က မလေးရှားရေနံလုပ်ငန်း Petronas တွင် အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံသည့်စာချုပ်ကိုလည်း ချုပ်ဆိုနိုင်ခဲ့သည်။
ဂျကာတာတွင် ဆော်ဒီဘုရင်ကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ဘာသာတရားစော်ကားမှုဖြင့် အမှုရင်ဆိုင်နေရသော ဂျကာတာမြို့တော်ဝန် ဘာစူကီချာဟာဂျာပန်န်မာ တို့က ကြိုဆိုခဲ့သည်။ ဆယ်လမန်၏ ခရီးစဉ်သည် သမိုင်းဝင်ခရီးဖြစ်သည်ဟု ဝီဒိုဒိုကပြောပြီး ပိုမိုနီးကပ်သော စီးပွားရေးဆက်ဆံမှုဖြစ်လာရန် မျှော်လင့်သည်ဟုလည်း ဆိုသည်။ “ကမ္ဘာမှာ မွတ်စလင် အများဆုံးရှိတဲ့နိုင်ငံအနေနဲ့ အင်ဒိုနီးရှားနဲ့ဆော်ဒီနိုင်ငံတို့ကြားမှာ ထူးခြားတဲ့ ဆက်ဆံရေးတခု အမြဲရှိနေမှာပါ” ဟု အင်ဒိုနီးရှားသမ္မတက ဆော်ဒီဘုရင်ကို ပြောသည်။
သူ၏ ခရီးစဉ်စဉ်သည် ၂ နိုင်ငံ ဆက်ဆံရေး တိုးတက်မှုအတွက် အထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်း ဆော်ဒီဘုရင်က ပြန်လည်ပြောကြားသည်။
ဆော်ဒီဘုရင်သည် အင်ဒိုနီးရှားတွင် မတ်လ ၉ ရက်နေ့အထိ နေထိုင်မည်ဖြစ်ပြီး ခရီးစဉ်၏ နောက်ဆုံး ၆ ရက်ကို ဘာလီကျွန်းတွင် အနားယူ ကုန်ဆုံးစေမည်ဖြစ်သည်။
အင်ဒိုနီးရှားခရီးစဉ်အတွင်း အစ္စလမ်မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့ တိုက်ဖျက်ရေးကို ဗဟိုပြုသည့် သဘောတူစာချုပ် ဆယ်ခု လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရသည်။ ဆော်ဒီဘုရင်သည် ကြာသပတေးနေ့တွင် ပါလီမန်၌ မိန့်ခွန်းပြောကြားသည်။ ဆော်ဒီအာရေဗျ အနောက်ပိုင်း ဟာ့ဂျ်ဘုရားဖူးများ ပိုမိုစေလွှတ်ရေးကို သဘောတူရန်ကိုလည်း အင်ဒိုနီးရှားနိုင်ငံက ဆွေးနွေးသည်။
ဆော်ဒီဘုရင်သည် ဘရူနိုင်း၊ ဂျပန်၊ တရုတ်နှင့် မော်လဒိုက်နိုင်ငံများသို့လည်း သွားရောက်မည်ဖြစ်သည်။ ဆော်ဒီဘုရင်၏ အာရှခရီးစဉ်တွင် မွတ်ဆလင်ညီအကိုနိုင်ငံများသာမက ဂျပန်နှင့် တရုတ်တို့ ပါဝင်နေခြင်းသည် စီးပွားရေး နှင့် ကမ္ဘာ့နိုင်ငံရေးတွင် အင်အားကြီးထွားလာနေသော အာရှနှင့် ပိုမိုနီးစပ်လိုကြောင်း ပြသသော အရေးပါသည့် သံတမန်ဆက်ဆံရေး ခရီးစဉ်ဖြစ်ကြောင်း သုံးသပ်သူများက မြင်ကြသည်။