ဥရောပသမဂ္ဂအတွင်း အမေရိကန်နိုင်ငံသားများ ခရီးသွားလာမှု ဗီဇာကင်းလွတ်ခွင့်ကို အဆုံးသတ်ရန် မတ်လ ၂ ရက်နေ့က ဥရောပပါလီမန်က မဲခွဲဆုံးဖြတ်လိုက်သည်။
အပြန်အလှန်သဘောတူစာချုပ်အရ ဥရောပသမဂ္ဂဝင်နိုင်ငံ ငါးနိုင်ငံဖြစ်သည့် ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရပ်၊ပိုလန်နှင့် ရိုမေးနီးယားနိုင်ငံများမှ နိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်ပြုရန် အမေရိကန်ဘက်မှ ပျက်ကွက်ပြီးနောက် ယခုကဲ့သို့ မဲပေးဆုံဖြတ်လိုက်ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံသားများသည် ပုံမှန်အားဖြင့် ဥရောပသမဂ္ဂနိုင်ငံအားလုံးတွင် ဗီဇာမလိုဘဲ ခရီးသွားလာနိုင်ကြသည်။
ထိုဗီဇာကင်းလွှတ်ခွင့် အစီအစဉ်ကို နှစ်လအတွင်း ရုပ်သိမ်းရန် မဲပေးဆုံးဖြတ်ချက်က တိုက်တွန်းထားပြီး ဥရောပကော်မရှင်က ထိုအပြောင်းအလဲကို အသက်ဝင်စေရန် အခွင့်အာဏာပေးပြီးပါက အမေရိကန်နိုင်ငံသားများသည် တနှစ်ဗီဇာအတွက် အထောက်အထား စာရွက်စာတမ်းများနှင့်တကွ လျှောက်ထားရတော့မည်ဖြစ်သည်။
အမေရိကန်နိုင်ငံသည် ထိုအပြန်အလှန်သဘောတူစာချုပ်ကို လိုက်နာရန် ပျက်ကွက်ကြောင်း ဥရောပကော်မရှင်က လွန်ခဲ့သောသုံးနှစ်က သိရှိခဲ့သော်လည်း ဥပဒေကြောင်းအရ ဆောင်ရွက်ခြင်း မပြုခဲ့ပေ။ လူမှုလွတ်လပ်ခွင့်များကော်မတီက ပြင်ဆင်ပေးခဲ့ပြီး ပါလီမန်စုံညီအစည်းအဝေးက အတည်ပြုခဲ့သော ထိုမဲခွဲဆုံးဖြတ်ခြင်းသည် ကော်မရှင်အနေဖြင့် ဥရောပပါလီမန်အမတ်များ ဥရောပတရားရုံးချုပ်တွင် ဥပဒေကြောင်းအရ ဆောင်ရွက်ရန် မဆုံးဖြတ်မီ ထိုဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ရန် ၂ လ အချိန်ပေးသည်။
အမေရိကန်အနေဖြင့် ၎င်းဘက်က တာဝန်ကို ယူရန် အားပေးသည့်အနေဖြင့် ယခုအစီအစဉ်ကို ဥရောပပါလီမန်အမတ်များက ဒီဇင်ဘာလကပင် တွန်းအားပေးခဲ့သည်ဟု ပါလီမန်၏ကြေညာချက်တွင် ဖေါ်ပြထားသည်။
သို့သော် လူဝင်မှုကြီးကြပ်ရေးကော်မရှင်နာ Dimitris Avramopoulos က အမေရိကန်ဘက်မှ လက်တုန့်ပြန်ခြင်းနှင့် ဥရောပသို့ ဧည့်သည်ဝင်ရောက်မှု အကြီးအကျယ် ကျဆင်းခြင်းအပါအဝင် အကျိုးဆက်များကို ထည့်သွင်းစဉ်းစားရန် သတိပေးထားသည်။