အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်တွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း သတ္တုတွင်း လုပ်ကွက်အသစ် များ ပေးမည် မဟုတ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
ဒေါက်တာလဲ့လဲ့မော်က “အန်တီတို့ NLD အစိုးရ လက်ထက်မှာတော့ တယောက်ကိုမှ သတ္တုတွင်း လုပ်ကွက်မပေးပါဘူး။ အန်တီတို့ အစိုးရလက်ထက် က ၁ နှစ်ရှိပြီ။ ဘယ်သူ့ကိုမှ သတ္တုတွင်းအသစ် မပေးပါဘူး။ အရင်တုန်းက လုပ်ကွက်တွေ ကိုတော့ ထိန်းသိမ်းနေရတာပေါ့” ဟု ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက သတ္တုတွင်း လုပ်ကွက်အသစ် လျှောက်ထားသူ အလွန်များပြားသော်လည်း ပေးမည်မဟုတ်ကြောင်း၊ လက်ရှိ သတ္တုတွင်းများသည်လည်း ဖြစ်ကတတ်ဆန်း လုပ်ထားသည့်အတွက် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်(EMP)ကို တင်ခိုင်းထားပြီး လုပ်ကွက်များသို့ သွားရောက်စစ်ဆေးခြင်း၊ သတ်မှတ်စည်းကမ်းများနှင့် မကိုက်ညီပါက သတ္တုလုပ်ငန်း လည်ပတ်ခွင့်ကို ပိတ်သိမ်းအရေးယူမှုများ ပြုလုပ်လျက်ရှိသည်ဟု ရှင်းပြသည်။
ပြည်ထောင်စု အစိုးရက လုပ်ကွက် အကြီးစားများကို စီမံခန့်ခွဲပြီး လုပ်ကွက်အလတ်နှင့် အသေးစားများကိုသာ တိုင်းဒေသ ကြီးအစိုးရက စီမံခန့်ခွဲခွင့်ရှိကြောင်း၊ လုပ်ကွက်အလတ်နှင့် အသေးစားများတွင် ဒေသခံလုပ်ငန်းရှင် များသဖြင့် ထိန်းချုပ်ရ လွယ်ကူသော်လည်း လုပ်ကွက်အကြီးစားများကိုမူ ထိန်းရခက်သောကြောင့် လုပ်ကွက်သစ်များ ချပေးရာတွင် ပြည်ထောင်စု ၏ သဘောဆန္ဒ တခုတည်း မဟုတ်ဘဲ တိုင်းအစိုးရအဖွဲ့၏ သဘောထားမှတ်ချက်ကိုပါ တောင်းခံရန် ပြည်ထောင်စုဝန်ကြီးကို မေတ္တာရပ်ခံထားကြောင်း သိရသည်။
ဒေါက်တာလဲ့လဲ့မော်က “EMP တင်ဆိုလည်း မတင်ဘူး။ အများအားဖြင့် နိုင်ငံခြားသား လုပ်ငန်းရှင်တွေ များတယ်။ အထူး သဖြင့် ထိုင်းပေါ့။ သူတို့က EMP တင်ဆိုလည်း မတင်။ တင်လာလို့ရှိရင်လည်း လက်ခံနိုင်စရာ အကြောင်းမရှိတဲ့ EMP တွေ တင်တယ်။ အဲဒီအတွက်ကြောင့် မတင်မချင်း လုပ်ကွက်တွေပိတ်။ ဖွင့်ချင်တယ်ဆိုရင် EMP အတိုင်း လုပ်ထား၊ မထားကို အန်တီကိုယ်တိုင် စစ်ဆေးရတယ်” ဟု ဆိုသည်။
ထားဝယ်မြို့နယ် ဟိန္ဒားရွာရှိ ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီ (MPC) က လုပ်ကိုင်နေသည့် လုပ်ကွက်များတွင် သတ္တုတွင်း ဥပဒေ အချက်အလက်များအား လိုက်နာမှုအားနည်းခြင်း၊ စီမံကိန်း၏ စွန့်ပစ် နုန်းရေနောက်များသည် အနီးရှိ ချောင်းများအတွင်းသို့ စီးဝင်မှုကြောင့် ဒေသခံများနှင့် မပြေလည်မှုများ ရှိနေဆဲဖြစ်ပြီး တိုင်းအစိုးရက နှစ်ကြိမ်တိုင်တိုင် ယာယီပိတ်သိမ်းခိုင်းခဲ့ကြောင်း သိရသည်။
ထားဝယ်ပရိုဘိုနို ရှေ့နေများကွန်ရက်မှ မအေးမွန်သူက “စီမံကိန်း တခုခု လုပ်တော့မယ်ဆိုရင် ဒေသမှာရှိနေတဲ့ ဒေသခံ တိုင်းရင်းသားတွေ၊ ဒေသခံ အဖွဲ့အစည်းတွေနဲ့ ပထမဆုံး စေ့စပ်ညှိနှိုင်း ဆွေးနွေး တိုင်ပင်ဖို့လိုတယ်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဘယ်လိုစီမံ ဆောင်ရွက်မလဲ။ ကုမ္ပဏီတွေ လိုက်နာရမယ့် စည်းကမ်းတွေ မလိုက်နာရင် ဘယ်လို အရေးယူမလဲ ဆိုတာတွေကို စနစ်တကျ လုပ်ဆောင်ပြီး မှ ခွင့်ပြုသင့်တယ်။ ဒါမှသာ ရေရှည်ကောင်းမွန်တဲ့ ပြည်သူကို အကျိုးပြုတဲ့လုပ်ငန်းတွေ ဖြစ်လာမှာ ဖြစ်တယ်” ဟု ပြောသည်။
ယခင်အစိုးရ လက်ထက်တွင် လျှောက်ထားခဲ့သည့် သတ္တုလုပ်ကွက်ပေါင်း ၈၀ ကျော်ရှိပြီး လက်ရှိ အစိုးရ လက်ထက်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာန အဆင့်ဆင့်က ပြန်လည်စိစစ်မှုများ ပြုလုပ်နေကြောင်း တနင်္သာရီ တိုင်းဒေသကြီး အမှတ် ၂ သတ္တုတွင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး အမှတ် ၂ သတ္တုတွင်း လုပ်ငန်း ၏ စာရင်းများ အရ တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင် ၃ ခုတို့တွင် ခဲမဖြူ၊ အဖြိုက်နက် သတ္တုတူးဖော်ရေး အကြီးစားလုပ်ကွက် ၉ ခုနှင့် အသေးစား လုပ်ကွက် ၂၈ ခု ရှိပြီး စမ်းသပ်လုပ်ကွက်အနေဖြင့် အကြီးစားလုပ်ကွက် ၅ ခုနှင့် အသေးစားလုပ်ကွက် ၄၆ ခုရှိကြောင်း သိရသည်။