နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) တို့ နှစ်ဘက် တွေ့ဆုံ ဆွေးနွေးရန် အခြေအနေ ရေရာမှု မရှိသေးကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တချို့ထံမှ စုံစမ်း သိရှိ ရသည်။
နှစ်ဘက် တွေ့ဆုံဆွေးနွေးရန် အတွက် လတ်တလော ချိတ်ဆက် ဆောင်ရွက်မှုများ မရှိသေးကြောင်း၊ သို့သော် အစိုးရ အနေဖြင့် UWSA နှင့် ညှိနှိုင်းရန် မူလ ဖိတ်ကြားထားချက် အတိုင်း တွေ့ဆုံဆွေးနွေးရေး မူဝါဒကို လမ်းဖွင့်ထားဆဲ ဖြစ် ကြောင်း နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကလည်း ပြောသည်။
ဦးဇော်ဌေး က “မူလကတည်းက သူတို့ခေါင်းဆောင် (ဦးပေါက်ယူချန်း) ကိုဖိတ်ထားတာ ရှိပါတယ်။ ဖိတ်ကြားထားတဲ့ ဖိတ်ကြားချက် အခုအချိန်အထိ အတည်ပဲ ရှိပါတယ်။ ညီလာခံ (ပန်ဆန်း ညီလာခံ) ပြီးမှတော့ သီးသန့် ဖိတ်တာ မဟုတ် ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်းထံ လိပ်မူပြီး နှစ်ဘက် တွေ့ဆုံ ဆွေးနွေး ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ဖိတ်ခေါ်ထားခြင်း ဖြစ်ပြီး အဆိုပါ ဖိတ်ခေါ်ချက်သည် အသက် ဝင်နေဆဲ ဖြစ်သည်ဟုလည်း ဆိုသည်။
အစိုးရနှင့် UWSA တို့ကြား တွေ့ဆုံဆွေးနွေးနိုင်ရေး ကြားဝင် ဆောင်ရွက်ပေးနေသည့် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ တွင် ပါဝင်သူ တဦးက “လတ်တလော တွေ့ဆုံဖို့ဆိုတာ ဖိတ်ကြား ထားတာလည်း မရှိပါဘူး။ နှစ်ဘက်လုံး အဆက် အသွယ် လုပ်နေတာလည်း မရှိပါဘူး။ ဖိတ်တာဆိုလို့ ဟိုတခါ ဒေါက်တာ တင်မျိုးဝင်း ပို့ထားတဲ့ ဖိတ်ကြားချက်ပဲ ရှိတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
UWSA ဗဟိုဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ပါဝင်သော ထိပ်သီး အစည်း အဝေး တရပ်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစပြီး ၃ ရက်ကြာ ကျင်းပခဲ့ပြီး ထိုအစည်းအဝေး အပြီးတွင် အစိုးရက ဆောင်ရွက် နေသော တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အတိုင်း မသွားဘဲ ငြိမ်းချမ်းရေး စာချုပ်သစ်တရပ် ဖော်ဆောင်မည်ဟု UWSA က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စောင့်ကြည့်လေ့လာသူများက စိုးရိမ်မှုများ ဖြစ်ပွားခဲ့ကြ သကဲ့သို့ ကြေညာချက်ထဲတွင် ထည့်သွင်းထားသော အဖွဲ့တချို့ကလည်း ၎င်းတို့ မပါဝင်ကြောင်း ငြင်းဆို ထားမှုများလည်း ရှိနေသည်။
“ဝ ကိစ္စသည် ကျနော်တို့ နိုင်ငံအတွက် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ရှမ်းပြည်နယ် အတွင်းမှာပဲ ရှမ်းပြည်နယ်ရဲ့ ပထဝီနိုင်ငံရေး၊ ဒါကိုကြည့်လိုက်ရင် တော်တော်လေးကို ညှိနှိုင်းယူရမယ့် အနေအထားဆိုတာ တွေ့ရှိပါ လိမ့်မယ်။ နယ်နိမိတ် ဆက်စက်မှုအရလည်း ထိလွယ်၊ ရှလွယ် အနေအထားတွေလည်း ဖြစ်ပါတယ်” ဟု ဦးဇော်ဌေး က ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စောင့်ကြည့်လေ့လာသူ တချို့က UWSA ကို တရုတ်နိုင်ငံက ကျောထောက်နောက်ခံ ပြု ပေး ထားပြီး လတ်တလော တရုတ် – မြန်မာ နယ်စပ်တွင် အစိုးရ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များကို UWSA က အားပေးအားမြှောက်မှုများ ရှိနေကြောင်းလည်း သုံးသပ် ပြောဆို နေကြသည်။