အမျိုးသမီးများအနေဖြင့် အခွင့်အရေး တောင်းခံလာသည်နှင့်အမျှ တာဝန်ယူနိုင်သည့် သတ္တိရှိကြောင်း သက်သေပြရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီး လုပ်ငန်းရှင်များနှင့် တွေဆုံစဉ် တိုက်တွန်း လိုက် သည်။
“အမျိုးသမီးများဟာ မိမိတို့ရဲ့အခွင့်အရေးတွေ တောင်းရုံသာမက မိမိတို့ရဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ဖို့ စိတ် အား ထက်သန်တယ် ဆိုတာကို ကျမတို့နိုင်ငံက အမျိုးသမီးတွေ ပြစေချင်ပါတယ်။ အခွင့်အရေး တောင်းပြီးတော့ တာဝန် ဘက်ကျတော့ အစိုးရ အားလုံးလုပ် ဆိုတာဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီဘူးလို့ ကျမတော့ ဒီလိုပဲ သုံးသပ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဆက်လက်၍ ၎င်းက အခွင့်အရေးရှိလာသည်နှင့်အမျှ တာဝန်ယူရသည်ကိုလည်း ဂုဏ်ယူရမည်ဖြစ်ကြောင်း၊ တာဝန် ဆို သည် ကို မလုပ်မဖြစ်လုပ်ရမည့် ဝန်ထုပ်ဝန်ပိုးကြီးကဲ့သို့ မစဉ်းစားဘဲ နို်င်ငံသားတယောက် ရသင့်သည့် အခွင့်အရေး တခု ဖြစ်သည်ဟု စဉ်းစားသင့်ကြောင်း၊ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မည်ဆိုသည့် စိတ်ဓာတ်ဖြင့် အမျိုးသမီးများ နိုင်ငံတိုးတက်ရေးနှင့် ကမ္ဘာကြီး တိုးတက်ရေးအတွက် ဦးတည် လုပ်ဆောင် သွားစေချင်ကြောင်းလည်း ပြောဆိုသည်။
၂၀၁၇ ခုနှစ် မတ်လ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ အမျိုးသမီးများ ရက်သတ္တပတ် ဖိုရမ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၇ ခု မတ်လ ၆ ရက်တွင် နေပြည်တော်ရှိ Kempinski Hotel တွင် ပြုလုပ်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသမီး လုပ်ငန်းရှင်များ စကားဝိုင်းတွင် အထက်ပါအတိုင်း တိုက်တွန်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ယင်းဖိုရမ်ဖွင့်ပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေး ရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အမေရိကန်သံရုံး ယာယီတာဝန်ခံ Ms.Kristen F. Bauer၊ အမျိုးသမီး အခွင့်အရေး လှုပ်ရှား ဆောင်ရွက်နေသူများ၊ အမျိုးသမီး စွန့်ဦးတီထွင် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က “အခွင့်အရေးဆိုတာဟာ တာဝန်ယူမှုနဲ့ တန်းတူညီတူရှိရမယ်။ ကျမတို့ စီးပွားရေး လုပ်ငန်းတခု နဲ့ တာဝန်ယူမှုကို ကြည့်လိုက်တယ်ဆိုရင် အလွယ်ဆုံးကြည့်တဲ့နည်းက အခွန်ဆောင်ရဲ့လား။ အခွန် ဘယ်လောက် ဆောင် လဲ။ ဘာဖြစ်လို့လဲဆို ဒါ ကိုယ့်ရဲ့အကျိုးအမြတ်တွေကို ကိုယ့်နိုင်ငံအတွက် ပြန်ပြီးတော့ မျှဝေခြင်းဟာ တာဝန်သိခြင်းပဲ” ဟု ရှင်းပြ ပြောဆိုသည်။
ဆက်လက်၍ ၎င်းက အခွန်ရှောင်ခြင်းသည် အခွင့်အရေး လိုချင်သော်လည်း တာဝန်မယူချင်ဘူး ဆိုသည့် စိတ်ဓာတ် ဖြစ် ကြောင်း၊ အခွင့်အရေးနှင့် တာဝန်ယူမှုသည် တန်းတူညီတူရှိရဲ့လားဆိုသည်ကို စဉ်းစားစေချင်ကြောင်း၊ အခွန်ဆောင်ခြင်း သည် နိုင်ငံကို ပံ့ပိုးခြင်းဖြစ်ပြီး ပြည်သူလူထုအတွက် ပြန်လည်သုံးစွဲခြင်းသာ ဖြစ်ကြောင်းလည်း ပြောသည်။
အမျိုးသမီးများ၏ အခွင့်အရေးကို စဉ်းစားမည်ဆိုပါကလည်း တရားဥပဒေစိုးမိုးရေးသည် အရေးကြီးကြောင်း၊ တရားဥပဒေ စိုးမိုးမှုမရှိပါက ဥပဒေများ မည်သို့ပင် ပြဋ္ဌာန်းထားစေကာမူ စက္ကူပေါ်တွင်သာရှိပြီး လူ့အသိုင်းအဝိုင်း ပေါ်တွင် အကျိုး သက် ရောက်မှု မရှိနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
ဖိုရမ် ပထမနေ့ နံနက်ပိုင်းတွင်ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသမီး လုပ်ငန်းရှင်များ၏ စကားဝိုင်း (Business Talk) တွင် အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင် ၉ ဦး ပါဝင် ဆွေးနွေးကြောင်း သိရသည်။
“တိုင်းပြည်ရဲ့ ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာခြင်းဟာ တိုင်းပြည်ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေပါတယ်” ဟု ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းက ပြောသည်။
“မြန်မာ အမျိုးသမီးများ ရက်သတ္တပတ်” အစီအစဉ်ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မုံရွာနှင့် မော်လမြိုင်မြို့ များတွင် ၇ ရက် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းအစီအစဉ်ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် ကမ္ဘောဇ ဘဏ် အုပ်စုတို့က ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဖိုရမ်ကို ပြည်သူအားလုံး ပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု (Creating Inclusive Growth) ဟု အမည်ပေးထားပြီး ဖိုရမ်တွင် ကျား/မ တန်းတူရေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများ၊ အနာဂတ်သည် အမျိုးသမီးများဖြစ်သည်၊ ကျား/မ ကွာဟမှုများကို ချိတ်ဆက်ခြင်း စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောမည် ဖြစ်ကြောင်းလည်း သိရသည်။