စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က အရပ်သားတဦးကို လက်သီးဖြင့် ထိုးခဲ့သည်ဆိုသောအမှုနှင့် ပတ်သက်၍ နှစ်ဖက်ညှိနှိုင်း ပြေလည်မှုရပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်နှင့် ဦးအောင်ကျော်စိုး ဆိုသူတို့သည် ကလေးဝမြို့ဆိပ်ကမ်းမှ ချင်းတွင်းမြစ်တဖက်ကမ်း ကိုင်းရွာဘက်သို့ကူးရန် ဇက်သင်္ဘောပေါ်သို့ ကားများတင်ရန် တန်းစီနေစဉ် အချင်းများခဲ့ကြခြင်း ဖြစ်သည်။
ထိုအမှုနှင့် ပတ်သက်ပြီး ဦးအောင်ကျော်စိုးက “ သူကိုယ်တိုင် ကျနော့ဆီ မနေ့မနက်က ဖုန်းဆက်ပြီး ပြောတယ်။ ဘေးကမိတ်ဆွေတွေကလည်း ဝိုင်းဝန်းပြောဆိုကြလို့ ကျနော်ကတော့ ကြေအေးပေးလိုက်ပါတယ်။ သူကပြောတာတော့ စေတနာနဲ့ မှားသွားတယ်ပေါ့။ နေရာတကာမှာ အာဏာသုံးတဲ့ ပုံစံကိုတော့ သဘောမကျပါဘူး” ဟု ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး NLD လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာဌာနသို့ တိုင်စာရောက်ရှိခြင်း မရှိကြောင်း တိုင်ကြားစာဌာန ဥက္ကဌဦးမျိုးညွန့်က ပြောသည်။
အချင်းများမှု ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုစာမျက်နှာများတွင် ပျံနှံခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်က အရပ်သားကို လက်သီးနှင့် ထိုးသည်ဆိုခြင်းကို ဦးကိုကိုနိုင်က ငြင်းဆိုပြီး၊ ကားများကို လမ်းရှင်းပေးရာမှတဆင့် စကားအချေအတင် ဖြစ်ခဲ့ခြင်းသာဖြစ်ကြောင်း သတင်းဌာနများကို ဖြေကြားခဲ့သည်။
ဒေသခံများက ယခုကဲ့သို့ ဖြစ်စဉ်များ မဖြစ်စေလိုကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူများအကြား ပူးပေါင်းညှိနှိုင်း လုပ်ဆောင်စေလိုကြောင်း ပြောဆိုကြသည်ဟု အထက်ချင်းတွင်း လူငယ်များကွန်ရက်မှ ဦးကျော်သက်ဝင်းက ပြောသည်။
ထိုသို့အငြင်းပွားမှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်ထံသို့ ဧရာဝတီသတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ၎င်း၏မိသားစုနှင့်သာ ဆက်သွယ်ရရှိသည်။