မတ်လ (၈) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ပါ။ ဒီနေ့မှာ နိုင်ငံတကာက အမျိုးသမီးတွေလို မြန်မာပြည်က အမျိုးသမီးတွေကလည်း ပါဝင်လှုပ်ရှားကြပါတယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်တို့မှာ အမျိုးသမီးအခွင့်အရေး လှုံ့ဆော်ရေး လှုပ်ရှားမှုတွေ ရှိပါတယ်။
ဆိုတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆိုတာဘာလဲ။
အဖြေက အမျိုးသမီးများနဲ့ သူတို့ရဲ့ စွမ်းဆောင်မှုတွေကို ဂုဏ်ပြုဖို့ ရည်ရွယ်ကျင်းပတဲ့ နေ့တနေ့ဖြစ်ပါတယ်။ ပိုပြီး မျှတတဲ့ ပိုပြီး တန်းတူ ညီမျှမှုရှိတဲ့ ကမ္ဘာတခု ဖြစ်လာဖို့ ဘာတွေ ကူညီဖို့ လိုနေသလဲ ဆိုတာကို ရောင်ပြန်ဟပ်ပြတဲ့ အချိန်တခုလည်း ဖြစ်ပါတယ်။
ဘယ်သူက ဒါကိုဦးဆောင်ပြုလုပ်တာလဲ။
ကျင်းပဖို့ အတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်း ဆိုတာမရှိပါဘူး။ အစိုးရတွေ၊ အကူအညီပေးရေး အဖွဲ့အစည်းတွေ၊ ကော်ပိုရေး ရှင်းတွေ၊ NGO တွေနဲ့ ကွန်ရက်တွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ တကမ္ဘာလုံးအတိုင်း အတာနဲ့ စုပေါင်း ကျင်းပကြတဲ့ နေ့တနေ့ ဖြစ်ပါတယ်။ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူ တဦး ဖြစ်တဲ့ Gloria Steinem က“တန်းတူညီမျှခွင့်အတွက် အမျိုးသမီး တွေ တိုက်ပွဲဝင်ခဲ့ကြတဲ့ သမိုင်းကြောင်းက အမျိုးသမီး ဝါဒီ တဦးတယောက်နဲ့ ဖြစ်စေ အဖွဲ့အစည်း တခုခုနဲ့ ဖြစ်စေ သက် ဆိုင်ခြင်း မရှိပါဘူး။ လူ့အခွင့်အရေးကို အလေးထားသူ အားလုံး စုပေါင်း အားထုတ်မှုနဲ့ ပဲ သက်ဆိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဘယ်အချိန်က ပထမဆုံး စလုပ်တာလဲ။
၁၉၀၀ အစောပိုင်း နှစ်တွေတုန်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အမျိုးသမီး ၁၅၀၀၀ က ဆန္ဒမဲပေးခွင့်နဲ့ လုပ်ခ လစာ ပိုမိုကောင်းမွန်ရေးတို့ အတွက် ချီတက်ဆန္ဒပြခဲ့ကြတဲ့ အချိန်က စလို့ အမျိုးသမီးတွေကို ဂုဏ်ပြုဖို့ အပြည်ပြည်ဆိုင် ရာ အမျိုးသမီးများနေ့တွေ စတင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၁၁ ခုနှစ် အထိ တရားဝင် အသိအမှတ်ပြုမှု မရှိခဲ့ပါဘူး။ ၁၉၁၁ ခုနှစ်မှာမှ တရားဝင် စတင် ခဲ့တာဖြစ်တဲ့ အတွက် ဒီနှစ်မှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ က ၁၀၆ ကြိမ်မြောက် ဖြစ်ပါတယ်။
အမျိုးသမီးတွေ အကြောင်းပြောဖို့ အတွက် အထူးနေ့ရက် တရက်လိုအပ်ပါသလား။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ရဲ့ မူလဦးတည်ချက်တွေကို သတိမထားမိသေးဘဲ အမျိုးသမီးတွေ ကို ဂုဏ်ပြုဖို့ တရားဝင် နေ့တနေ့ မလိုဘူးဆိုရင် အံ့သြစရာ ဖြစ်ပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေဟာ လုပ်ခလစာ၊ ပညာရေး ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် ဘေးကင်းလုံခြုံမှု မည်သည့် ကိစ္စရပ်မှာမဆို ကျားနဲ့မ တန်းတူညီမျှခွင့် အပြည့်အဝ မရရှိကြသေးပါဘူး။ အောက်ပါ အချက်တွေကို စဉ်းစားကြည့်ပါ။
• ကမ္ဘာပေါ်မှာ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်ဟာ သူတို့ရဲ့ ဘဝ သက်တမ်းမှာ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင် အကြမ်းဖက်မှုကို ကြုံရလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ခန့်မှန်းထားပါတယ်။
• အင်္ဂလန် နဲ့ ဝေလ နိုင်ငံ ၂ခုထဲမှာတင် လက်ရှိ ချစ်သူ သို့ မဟုတ် ချစ်သူဟောင်းရဲ့ သတ်ဖြတ်မှုကြောင့် တပတ်ကို အမျိုးသမီး ၂ ယောက်နှုန်း သေဆုံးနေရ ပါတယ်။
• ကျားနဲ့မ လုပ်ခလစာကွာခြားချက်က ၂၁၈၆ ခုနှစ်အထိ နီးကပ်လာဦးမှာ သို့မဟုတ် ကျဉ်းမြောင်းလာဦးမှာ မဟုတ် ဘူးလို့ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) က ခန့်မှန်းထားပါတယ်။
• အင်္ဂလန်နိုင်ငံမှာ ကျားနဲ့မ လုပ်ခ လစာကွာခြားချက်က ၂၀၁၆ ခုနှစ်မှာ ၁၃.၉ ရာခိုင်နှုန်း ရှိခဲ့တဲ့ အတွက် အမျိုးသ မီးတွေက ၂၀၁၆ နိုဝင်ဘာလ ၁၀ ရက်နေ့ကနေစပြီး နှစ်ကုန်တဲ့ အထိ အခမဲ့ အလုပ်လုပ်ပေးခဲ့ရသလို ဖြစ်နေပါ တယ်။
• ကုလသမဂ္ဂ အဖွဲ့ရဲ့ အစီရင်ခံစာတွေအရ ကမ္ဘာပေါ်က လွှတ်တော်ကိုယ်စားလှယ်တွေအနက် ၂၂ ရာခိုင်နှုန်းကသာ အမျိုးသမီးတွေ ဖြစ်နေပြီးတော့ အမျိုးသား အများစုက အမျိုးသမီးတွေ ကိုယ်စား ဆုံးဖြတ်ချက်တွေ ချမှတ်နေပါ တယ်။
အမျိုးသားတွေရော ကိုယ်ပိုင်နေ့ တနေ့ ရှိသင့်သလား။
ရှိပါတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့ ဖြစ်ပြီးတော့ နိုင်ငံ ၆၀ မှာ ကျင်းပခဲ့ပါတယ်။ အမျိုးသားတွေရဲ့ ကျန်းမာရေး၊ ကျားနဲ့မ ဆက်ဆံရေး ကောင်းမွန်ရေး၊ ကျားမတန်းတူညီမျှမှု မြှင့်တင်ရေးတွေကို ဦးတည်ပါတယ်။ စံပြ ယောက်ျားတွေ ဖြစ်ရေးကို ဖော်ပြခြင်း ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အတွက် ဆောင်ပုဒ် ရှိသလား။
ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့က အားလုံးကို “ပြောင်းလဲဖို့ အတွက် ရဲရင့်ပါ (Be bold for change)” လို့ တောင်းဆိုထားပါတယ်။ ကိုယ့်ဖာသာပြုလုပ်တဲ့ အခမ်းအနားဖြစ်စေ တန်းတူညီမျှမှုအတွက် တောင်းဆိုဖို့ ကတိတခု ပြု ဒါမျိုးပဲ ဖြစ်စေ ပိုမိုပြီး မျှတတဲ့ ကမ္ဘာကို ဖန်တီးရာမှာ လူတိုင်း ပါဝင်နိုင်ပါတယ်။ Donald Trump ရာထူးလက်ခံပြီး နောက် တနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ ဘက်လိုက်ခြင်း၊ အမျိုးသမီးတွေကို ခွဲခြားခြင်း၊ လူမျိုးရေးခွဲခြားခြင်းတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အမျိုးသမီးတွေရဲ့ ချီတက်ပွဲမှာ ပါဝင်ခဲ့မယ် ဆိုရင် ဒီကိစ္စတွေအတွက် ဆောင်ရွက်ရခြင်းရဲ့ အင် အားကောင်းတဲ့ ခံစားမှုကို သိနိုင်ပါလိမ့်မယ်။ ပြောင်းလဲမှု့အတွက် ရဲရင့်ကြပါ ဆိုတာက ဆက်လက်ပြီး ဆောင်ရွက်ကြပါ၊ ရေငုံနုတ်ပိတ်ပြီး မနေကြပါနဲ့ လို့ အဓိပ္ပါယ်ရပါတယ်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့တွေကို ဘယ်လို ကျင်းပကြသလဲ။
နည်းလမ်း အမျိုးမျိုးနဲ့ ကျင်းပကြပါတယ်။ ကမ္ဘာတလွှားမှာ ဆွေးနွေးကြတယ်။ စုရုံးကြတယ်။ စီတန်းလှည့်လည် ကြပါ တယ်။ အာမေးနီးယား၊ တရုတ်၊ ကျူးဘား၊ ရုရှား၊ ယူကရိန်းနဲ့ ဇမ်ဘီယာ လိုမျိုး နိုင်ငံ တချို့မှာ အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများနေ့က တရားဝင် ရုံးပိတ်ရက် တရက် ဖြစ်ပါတယ်။ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ အမျိုးသားတွေက ပန်း တွေနဲ့ လက်ဆောင်တွေ ပေးကြပါတယ်။