သတင်း

ဗီယက်နမ်နှင့် မြန်မာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မည်

ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ပြီး ပိုမိုနက်ရှိုင်းထိရောက် လက်တွေ့ကျစေရန် ဗီယက်နမ်နှင့် မြန်မာအဆင့်မြင့်စစ်အရာရှိများ သဘောတူခဲ့ကြသည်။

ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ငိုရွှင်လစ်ချ်နှင့် ၎င်း၏ဖိတ်ကြားမှုအရ မတ်လ ၅ ရက်မှ စတင်ကာ ဗီယက်နမ်သို့ လေး ရက်ကြာသွားရောက်လည်ပတ်နေသော မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ ဆွေးနွေးပွဲ အတွင်း ထိုသဘောတူညီချက်ကို ရရှိခဲ့သည်။

ဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးက တဖက်နှင့်တဖက် နိုင်ငံရေး၊ လူမှုစီးပွားရေး၊ ကာကွယ်ရေး၊ လုံခြုံရေးအခြေအနေများကို ရှင်းပြကြပြီး လက်နက်ကိုင်တပ်ဖွဲ့များ တည်ဆောက်ရေးအတွေ့အကြုံများကို ဖလှယ်ကြသည်။

လွန်ခဲ့သောနှစ်များအတွင်း နှစ်နိုင်ငံအကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည် ဗီယက်နမ်-မြန်မာပူးပေါင်း ဆောင်ရွက်မှု၏အဓိက မဏ္ဍိုင်ဖြစ်ခဲ့သည်ကို မှတ်ချက်ချပြီး နှစ်နိုင်ငံစစ်ဘက်အကြီးအကဲများသည် ၂၀၁၇ နှစ်နောက်ပိုင်းပူး ပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးကြသည်။

၂၀၁၁ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ပေါ်တွင် အခြေခံပြီး နှစ် နိုင်ငံစစ်တပ်များသည် ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်ခြင်း၊ အရာရှိငယ်များ အပြန်အလှန် စေလွှတ်ခြင်း၊ မြန်မာနှင့် ဗီယက်နမ်ဘာသာစကားသင်တန်းများ စီစဉ်ခြင်း၊ တရားမဝင် ဝင်ရောက်မှုနှင့် မှောင်ခိုကူးမှုတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

၎င်းတို့သည် ဘက်စုံဖိုရမ်များတွင်လည်း တဖက်နှင့်တဖက် ထောက်ကူခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာတောင့်တင်း စေခဲ့ကြသည်။

ထိုနေ့မှာပင် ဗီယက်နမ်စစ်တပ်၏ Viettel Global Investment JSC နှင့် မြန်မာနိုင်ငံဆက်သွယ်ရေးဖက်စပ်လုပ်ငန်း MYTEL သည် နည်းပညာနှင့်စီမံခန့်ခွဲရေးဆိုင်ရာ ပံ့ပိုးကူညီရေးစာချုပ်တခုကို ချုပ်ဆိုခဲ့သည်။

Loading