သတင်း

ခရီးသွားများ သတိထားရန် မြောက်ပိုင်းမဟာမိတ် သတိပေး

Want create site? Find Free WordPress Themes and plugins.

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်ရေး အခြေအနေ ပိုမိုတင်းမာမည့် အနေအထားရှိသဖြင့် ရှမ်းမြောက်တကြောနှင့် တရုတ်-မြန်မာနယ်စပ်တလျောက် ခရီးသွားမည့် ပြည်သူများ သတိထားသွားလာရန် မေတ္တာရပ်ခံလိုသည်ဟု မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုက ပြောဆိုလိုက်သည်။

မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင် ဗိုလ်မှူးချုပ် တာဘုန်းကျော်က “အခုထပ်ပြီး မေတ္တာရပ်ခံချင်တာက တိုက်ပွဲ တော်တော်ပြင်းမယ့် အနေအထားရှိတယ်။ ဒါ့ကြောင့် ကျနော်တို့ ခရီးသွားလာဖို့ လိုမယ်။ အဲ့မှာ ဒေသခံတွေလည်း အပြင် ထွက်သွားလာဖို့ လိုမယ်ဆိုရင် အတတ်နိုင်ဆုံး သတိထားပြီး သွားလာကြဖို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြော သည်။

မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအရ အတူတကွ လှုပ်ရှားရန် စုပေါင်းထားသည့် တပ်ပေါင်းစု ဖြစ်သည်။

ဗိုလ်မှူးချုပ် တာဘုန်းကျော်က လက်ရှိတွင် တပ်မတော်မှ ၎င်းတို့ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မခေါ်နိုင်ကြောင်း ငြင်းဆိုထားသည့်အပြင် ဇန်နဝါရီလမှစ၍ လောက်ကိုင်မြို့ပြင်ရှိ MNDAA တပ်စခန်းများရှိရာ တောင်ကြောများ နှင့် TNLA လှုပ်ရှားရာ နယ်မြေအချို့တွင် တပ်မတော်မှ အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်နေသဖြင့် မြို့ပေါ်တွင် ဝင်ရောက် တိုက်ခိုက် ရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဆက်လက်ပြီး ၎င်းက “မလွှဲမရှောင်သာလို့ စစ်ရေးဖိအား တအားပြင်းလာရင် ကျနော်တို့ ဆောင်ရွက်ရတဲ့ ကိစ္စတွေ အပေါ် ကျနော်တို့ လူထုက အလေးနက်ထား စာနာနားလည်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ စစ်ရေးဖိအားတွေ တအားပြင်းလာရင် ကျနော်တို့မှာ ရွေးချယ်စရာ လမ်းမရှိပါဘူး”ဟုလည်း ပြောသည်။

တပ်မတော်မှ ဇန်နဝါရီ၊ ဖေဖော်ဝါရီလ တို့အတွင်း MNDAA နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်းကို သတင်း ထုတ်ပြန်ခြင်း မရှိခဲ့ပါ။

သု့ိသော် မတ်လ ၆ ရက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် တပ်မတော်က MNDAA အခိုင်အမာ တပ်စွဲ အခြေပြု ထားသည့် တောင်ကြောတလျောက်ကို ဇန်နဝါရီလ ၁၉ ရက်မှစ၍ အဆင့်ဆင့် ချဉ်းကပ် တိုက်ခိုက်ခဲ့ ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ တိုက်ပွဲကြီး/ငယ် ၅၆ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြလိုက်သည်။

မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုမှာ မတ်လ ၆ ရက်၊ မနက်၁ နာရီဝန်းကျင်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ တရုတ်-မြန်မာနယ်စပ် ရန်လုံကျိုင်းဂိတ် နှင့် လောက်ကိုင်မြို့ရှိ တပ်စခန်းများ၊ ရဲစခန်းများ၊ ဟိုတယ်များကို ဝင်ရောက် စီးနင်းကာ စစ်ဆင်ရေးပြုလုပ်ခဲ့သဖြင့် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်မှ သံချပ်ကာ ကားများနှင့် စစ်ကူများ ထပ်မံတိုးမြှင့်လိုက်သဖြင့် မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့ဝင်များမှာ တရုတ်-မြန်မာနယ်စပ် ရန်လုံကျိုင်းဂိတ်နှင့် လောက်ကိုင်မြို့တို့အတွင်းမှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သော်လည်း မတ်လ ၇ ရက် မနက်ပိုင်းတွင် လောက်ကိုင်မြို့နှင့် မော်ထိုက်မြို့တို့ ကြားရှိ တောင်ကြောများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်ဟု သိရသည်။

ဗိုလ်မှူးချုပ် တာဘုန်းကျော်က “လောလောဆယ် ဖြစ်နေတာက လောက်ကိုင်မြို့နဲ့ မော်ထိုက်ကြား ၂၁၁တပ်မဟာ၊ အဲ့မှာ မြန်မာ့ တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် မရပ်မနားပစ်နေတာ ၁၂၀ မမ၊ ၁၀၅ မမတွေနဲ့ပါ။ နောက်ပြီး တောင်ကုန်း တကုန်းပြီး တကုန်းသိမ်းနေပါတယ်”ဟု ဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံ ရုံးနှင့ ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက လောက်ကိုင်မြို့တွင်း တိုက်ခိုက်ခံရမှုတွင် အရပ် သား ၅ ဦး၊ ကိုးကန့် ယာဉ်ထိန်းရဲ ၅ ဦး သေဆုံးသည့် အပြင် မီးရှို့ထားသည့် အလောင်း ၂၀ ခန့် တွေ့ရှိကြောင်း၊ ကိုးကန့်ယာဉ်ထိန်းရဲ ၄ ဦးကို ဓါးစာခံအဖြစ် ဖမ်းဆီးသွားကြောင်း မတ်လ ၆ ရက်က သတင်းထုတ်ပြန်ထားသည်။

လက်ရှိကိုးကန့်ဖြစ်စဉ်နှင့် ပတ်သတ်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် MNDAA ၊ TNLA နှင့် AA တို့ကို လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ကြောင်း ကြေငြာချက်ထုတ်ပြန်ပါက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ရေးထိုးရန် မလိုပဲ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ရာစုပင်လုံကို တတ်ရောက်ခွင့် ပြုမည်ဟု ရေးသားထားသည်။

MNDAA ၊ TNLA နှင့် AA တို့က ၎င်းတို့ကို တပ်မတော်က လက်နက်စွန့်ခိုင်းခြင်းဖြစ်သဖြင့် လက်နက်စွန့်ပြီး ငြိမ်းချမ်း ရေး ဖြစ်စဉ်တွင် ပါဝင်ရေးကို ရွေးမည်မဟုတ်ကြောင်း၊အပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရေးအတွက်သာ ဖိတ်ခေါ်ပေးရန် တောင်းဆိုထားသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း လောက်ကိုင်တိုက်ပွဲများနှင့် ပတ်သတ်၍ ဒေသခံများ သေကြေထိခိုက်ရသဖြင့ ်လက်နက်ကိုင်တိုက်ခိုက်မှုများကို စွန့်လွှတ်၍ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ဦးတည်ကြရန် တိုက်တွန်းကြောင်း မတ်လ ၆ ရက်က ထုတ်ပြန်ပြောဆိုထားသည်။

မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုမှာ နိုဝင်ဘာလ ၂၀ ရက်ကလည်း တောတောင်အတွင်းရှိ ၎င်းတို့ တပ်စခန်းများအနီး တပ်မတော်က ထိုးစစ်ဆင်နေခြင်းကြောင့်ဟု ဆိုကာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ ၁၀၅မိုင် ကုန်သွယ်ရေး ဇုန် နှင့် မံုံးကိုးမြို့တို့အတွင်း ဝင်ရောက်ကာ တပ်မတော်တပ်စခန်းများ၊ ရဲစခန်းများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုတွင်လည်း အရပ်သား ၄၀ ကျော် သေဆုံးပြီး အိုးအိမ်များ ပျက်စီးကာ ထိခိုက်ဒဏ်ရာလည်း အများ အပြား ရရှိခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading