သတင်း

လုပ်ငန်းရှင်များ လုပ်ငန်းခွင်နေ့ကလေးထိန်းကျောင်း ဖွင့်လိုပါက ကူညီမည်ဟု လူမှုဝန်ထမ်း ဝန်ကြီးပြော

Want create site? Find Free WordPress Themes and plugins.

ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းခွင်နေ့ကလေးထိန်းကျောင်း ဖွင့်လှစ်ရန်ဆန္ဒရှိပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

အလုပ်မအားလပ်သောမိဘများ အဆင်ပြေစေရန်အတွက် လုပ်ငန်းခွင် နေ့ကလေးထိန်းကျောင်းများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ထူထောင်နိုင်ရန် စီစဉ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒေါက်တာဝင်းမြတ်အေးက ယနေ့ နေပြည်တော်တွင် ပြုလုပ်နေသည့် မြန်မာအမျိုးသမီးများ ရက်သတ္တပတ် ဖိုရမ်တွင် သတင်းမီဒီယာများကို ပြောသည်။

“ဖွင့်တဲ့အခါမှာ ကူညီပေးလို့ ရတယ်။ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဖွင့်မယ်ဆိုရင် အလုပ်ခွင်တွေမှာ နေရာတွေ ရှိတယ်။ တကယ်လည်း လိုအပ်တယ်ဆိုရင် ဖွင့်ဖို့ကောင်းတယ်။ ကျနော်တို့ ဝန်ကြီးဌာနကလည်း ပူပေါင်းဆောင်ရွက်မှာ ဖြစ်တယ်” ဟု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

နေပြည်တော်ရှိ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းမိဘများ အဆင်ပြေစေရန်နှင့် မိမိတို့ကလေးငယ် မူကြိုမတက်နိုင်သေးသည့် ၃ နှစ်အောက် အရွယ်များအတွက် လုပ်ငန်းခွင် နေ့ကလေးထိန်းကျောင်း ဖွင့်နိုင်ရန် လုပ်ဆောင်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒေါက်တာအောင်သူရိန်က ပြောသည်။

“ကျနော်တို့ ဝန်ကြီးဌာနမှာ အဲဒီအစီအစဉ် လုပ်နေပြီ။ ကလေးတွေကို တကယ်လက်မှတ်ရ ဆရာ၊ဆရာမတွေက စောင့်ရှောက်ပေးတာ။ တခြားဝန်ကြီးဌာနတွေက လုပ်ချင်ရင် နည်းပညာအကူအညီပေးပါမယ်” ဟု ဒေါက်တာ အောင်သူရိန်က ဆိုသည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ်ဦးရေသည် နိုင်ငံလူဦးရေ၏ ၃၄ ရာခိုင်နှုန်းခန့် ရှိနေကြောင်း ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်းစာရင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “လိုအပ်လာတဲ့ ဘက်ဂျက်ကျတော့ ဝန်ကြီးဌာနဘက်က ဘက်ဂျက်မလုံလောက်ရင်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသလို ဖောင်ဒေးရှင်းတွေ၊ အလှူရှင်တွေဆီကနေ ကူညီမှာဖြစ်တယ်။ သူတို့လည်း စိတ်အားထက်သန် နေကြတယ်ဆိုတော့ ကျနော်တို့ ဒီဟာကို အစီစဉ်တရပ် အနေနဲ့ ဆောင်ရွက်မှာ ဖြစ်တယ်” ဟု ပြောသည်။

လုပ်ငန်းခွင်နေ့ကလေးထိန်းကျောင်းများ ဖွင့်လှစ်ပါက တယောက်တမျိုး ပုံစံများဖြင့် ဖွင့်လှစ်ဆောင်ရွက် နေခြင်းထက် မှန်ကန်သော ထိန်းသိမ်းစောင့်ရှောက်နည်း စနစ်တခုထားရှိပြီး စောင့်ရှောက်နိုင်မှသာ နောင်လာမည့် ကလေးများအတွက် အရည်အချင်းတခု ပျိုးထောင်ပေးနိုင်မှာဖြစ်လို့ အစိုးရက ဒီစနစ်ကို သတ်မှတ်ပေးဖို့လိုကြောင်း City Mart Hoiling Ltd ရဲ့ ဥက္ကဌဒေါ်ဝင်းဝင်းတင့်က ပြောသည်။

ဒေါ်ဝင်းဝင်းတင့်က “နေ့ကလေးထိန်းကျောင်းတွေကို ပုဂ္ဂလိကတွေက လုပ်ခွင့်ရပါတယ်။ ဖြစ်စေချင်တာကတော့ နိုင်ငံတော်အနေနဲ့ စနစ်တခု ထူထောင်ပေးရင် ပုဂ္ဂလိကကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်လို့ရမယ့်စနစ်တခု တင်ပြခဲ့ပါတယ်”လို့ ဆိုသည်။

မတ်လ ၆ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသမီးလုပ်ငန်းရှင်များ စကားဝိုင်း၌ ဒေါ်ဝင်းဝင်းတင့်က နေ့ကလေးထိန်းကျောင်းများ ပေါ်ထွန်းလာရန် လိုအပ်ကြောင်း တင်ပြပြောဆိုခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading