မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့၍ မွန်ပါတီ ၂ ခု ပေါင်းစည်းရေး ကိစ္စ မှာ ဖြစ်နိုင်ခြေ လုံးဝ မရှိတော့ကြောင်း မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယိတမက ပြောသည်။
“မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဘက်က အသိအမှတ်မပြုတဲ့ အတွက် ပေါင်းစည်းရေးကိစ္စက လမ်းဆုံးသွားပြီလို့ ညှိနှိုင်းရေးအဖွဲ့က ကျနော်တို့ကို တရားဝင်ရှင်းပြခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။
မွန်အမျိုးသားပါတီဘက်က ပေါင်းစည်းရေးအတွက် ဆန္ဒသဘောထား ရှိနေဆဲဖြစ်ပြီး ပါတီချင်းဖြစ်စေ၊ လူပုဂ္ဂိုလ်တဦးတယောက်ချင်း ဖြစ်စေ၊ အစုအဖွဲ့ဖြင့် ဖြစ်စေ ပေါင်းစည်းနိုင်ကြောင်း နိုင်လယိတမက ပြောသည်။
မွန်ပါတီ ၂ ဖွဲ့ကို ပေါင်းစည်းပေးရန် ကြိုးစားခဲ့သည့် မွန်နိုင်ငံရေးပါတီများ ညီညွတ်မှုတည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး နိုင်ဝင်းလှက ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ ပူးပေါင်းဆောင်ရွက်မှု မရှိသဖြင့် ညှိနှိုင်းရေးအဖွဲ့အတွက် ဆက်လက်လုပ်ဆောင်ရန် အခက်အခဲ ရှိခဲ့ကြောင်း၊ အဖွဲ့အနေဖြင့် မွန်တပါတီတည်း ဖြစ်ပေါ်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သော်လည်း ပါတီ ၂ ဖွဲ့ အကြား ညှိနှိုင်းပေးမှုများ မပြုလုပ်တော့ကြောင်း ရှင်းပြသည်။
၎င်းက “ဆက်လက်ပြီး သူတို့ကို မဖိတ်တော့ဘူး။ သူတို့အတွက်ကိုတော့ တံခါးအမြဲဖွင့်ထားတယ်။ နောင်တစ်ချိန်အသိအမှတ်ပြုရင်တော့ ပြန်လည်လုပ်ဆောင်ပေးသွားမယ်။ ပေါင်းစည်းရေး အလုပ်က ဆက်လက်ပြီးတော့ လုပ်သွားမယ်”ဟု ပြောသည်။
ပူးပေါင်းရေးကိစ္စ တွင် ညှိနှိုင်းမှု မရှိဟု ပြောဆိုမှု ကြုံတွေ့နေရသည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကို ဧရာဝတီ၏ မေးမြန်းခဲ့ရာ “ဒီကိစ္စကို အစည်းအဝေးမထိုင်ရသေးတော့ ပြောပိုင်ခွင့်မရှိဘူး” ဟု မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ တွဲဘက်အတွင်းရေးမှူး (၁) နိုင်စံတင်က ပြောကြားပြီး အခြားအချက်အလက်များ ကို ပြောကြားရန် ငြင်းဆိုခဲ့သည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီခေါင်းဆောင်များသည် ပေါင်းစည်းရေးကို စိတ်မဝင်စားကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသား ပါတီတို့ ပူးပေါင်းရေးအတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ က ပြုလုပ်ခဲ့သည့် အရပ်ဖက်အဖွဲ့ အစည်းများ ၊နိုင်ငံရေး ပါတီ များ နှင့် မွန်ပြည်သစ် ပါတီ တို့၏ လေးကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ တွင် ထုတ်ဖော်ပြောကြားထားသည်။
တိုးတက်သော မွန်လူငယ်များအဖွဲ့ (MYPO)၊ မွန်ပြည်သစ်ပါတီ ၊ ညီညာသော မွန်ရဟန်းပျိုများ အဖွဲ့တို့က ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်မွန် နိုင်ငံရေးပါတီများ စည်းလုံးမှုမရှိသည့် အတွက် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပြီး ပေါင်းစည်းရေးကို တွန်းအားပေးလျက်ရှိသည်။