တရားစီရင်ရေး ကဏ္ဍ တိမ်းစောင်းနေမှုနှင့် ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသည်။
တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုကို ပြန်လည် တည့်မတ်နိုင်ရေး အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တိုက်တွန်းသော အဆိုကို ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးပြီးနောက် အတည်ပြုလိုက်သည်။
ထိုအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးက ဆွေးနွေးကြပြီးနောက် တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်က မှတ်တမ်းအဖြစ်သာ ထားရှိပေးရန် ဆွေးနွေးသော်လည်း လွှတ်တော်က မဲခွဲဆုံးဖြတ်၍ အတည်ပြုလိုက်သဖြင့် တရားရေး မဏ္ဍိုင်တွင် အစိုးရသစ် လက်ထက် ပထမဆုံးအကြိမ် လွှတ်တော်၏ တောင်းဆိုမှုကို လက်ခံရခြင်း ဖြစ်သည်။
တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်က “မိမိတို့ရဲ့ လိုဘမပြည်ဝလို့ မကျေနပ်သူများက တရားရုံးကို သိက္ခာ ချစေ ချင်သော အာဃာတနဲ့ စွပ်စွဲပြောဆိုမှုများက စတင်ပြီး အခြေခံပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ တရားလွှတ်တော်ချုပ်ရဲ့ ပြုပြင် ပြောင်းလဲမှုများက အောင်မြင်ခဲ့တာကို မျက်ကွယ်ပြုပြီး တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေတယ်လို့ ပြောဆိုတာ ကို လက်ခံရန် မသင့်ပါဘူး” ဟု လွှတ်တော်တွင် ပြောဆိုသည်။
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ဦးတင်ထွေး၏ အဆိုတွင် ပါဝင်သည့် လက်ရှိအစိုးရ စတင် ဖွဲ့စည်းစဉ် က အဂတိ လိုက်စားမှုများ လျော့နည်း ကျဆင်းသွားသယောင် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ယခင်အတိုင်း ပြန်လည် ဦးမော့လာသည် ဆိုခြင်းသည် မိမိတို့၏ အထင်သက်သက်နှင့် ပြောဆိုချက်များသာဖြစ်ကြောင်း တရားသူကြီး ဦးစိုးညွှန့်က ထောက်ပြသည်။
“ဘယ်တရားရုံးက ဘယ်တရားသူကြီးက ဘယ်လိုလာဘ်စားတယ်။ အကျင့်ပျက် ခြစားတယ် ဆိုတာကို တိတိကျကျ အမည် နဲ့ တကွ၊ အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြနိုင်တာမျိုး မဟုတ်ဘူး” ဟုလည်း ၎င်းက ဆိုသည်။
ထို့အပြင် တရားသူကြီး ဦးစိုးညွှန့်က “တရားစီရင်ရေးကဏ္ဍမှာ အကျင့်ပျက် ခြစားမှုများကြောင့် တိမ်းစောင်း ယိမ်းယိုင်မှု များ ဖြစ်ပေါ်နေတယ်လို့ အတိအလင်း စွပ်စွဲထားတာကို တွေ့ရှိရပါတယ်။ ဒီလိုတရားရုံးများရဲ့ ဂုဏ်သိက္ခာကို အကျင့်ပျက် ထိခိုက်စေတဲ့ စွပ်စွဲပြောဆိုမှုများဟာ တရားရုံးများကို မထီမဲ့မြင်ပြုရာ ရောက်ကြာင်း လေးစားစွာ ပြောကြားအပ်ပါတယ်”ဟု ပြောသည်။
တရားလွှတ်တော်ချုပ်၌ တနှစ်အတွင်း အမှုပေါင်း ၃ သိန်းကျော် စစ်ဆေးနေသည့် တရားရုံးများသို့ တိုင်ကြားသည့် တိုင်စာ ပေါင်း ထောင်နှင့်ချီ ရရှိသည်ဆိုသည်မှာ စစ်ဆေးဆုံးဖြတ်ရသော အမှုအရေအတွက်နှင့် နှိုင်းယှဉ်ပါက နည်းပါးလွန်းသည် ဟုပင် ပြောစရာဖြစ်နေကြောင်း၊ အမှန်တကယ် စစ်ဆေးရာတွင် ထိုသို့တိုင်ကြားစာ ထောင်နှင့်ချီသော အရေအတွက်တွင် အပြစ်ပေးထိုက်သော တရားသူကြီးသည် ၁ ရာခိုင်နှုန်း မရှိကြောင်း သိရသည်။
တရားရေးမဏ္ဍိုင်တွင် တချို့သော တရားသူကြီးများ၏ လာဘ်ယူ ငွေတောင်းမှုများကြောင့် ပြည်သူများ၏ ဝေဖန်မှုများက ပဲ့တင်ထပ်နေပြီး ဥပမာအားဖြင့် လွန်ခဲ့သောလက ပွင့်ဖြူမြို့နယ် တရားရုံးမှ အမျိုးသမီး တရားသူကြီး တဦးသည် ငွေ တောင်း ယူပြီး ထွက်ပြေး တိမ်းရှောင်နေသည်ကို သိရကြောင်း မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ် က ဆွေးနွေးသည်။
“သိက္ခာနဲ့ လာဘ်ငွေမှာ တရားသူကြီးက ဘယ်ဟာကို ဦးစားပေးမှာလဲ။ မိမိသိက္ခာ၊ ဌာနသိက္ခာနဲ့ အစိုးရ သိက္ခာတွေဟာ ဆက်စပ် အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို သတိမူဖို့လိုလိမ့်မယ်” ဟုလည်း ၎င်းက ပြောဆိုသည်။
တရားရုံးသို့ ရောက်ရှိလာသည့် အမှုများကို တရားစီရင်ရေးကဏ္ဍရှိ အကျင့်ပျက် တရားသူကြီးတချို့က ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် စစ်ဆေးစီရင် ဆုံးဖြတ်ရမည့်အစား ဥပဒေကို မိမိလိုသလို ဆွဲယူသုံးစွဲနေခြင်း၊ လာဘ်ပေးလာဘ်ယူမှု အပေါ် အခြေခံပြီး ဥပဒေကို လက်တလုံခြား ပြုလုပ်နေခြင်း၊ သရေကွင်းကဲ့သို့ အတိုးအလျှော့များ ပြုလုပ်ပြီး ဥပဒေကို လေးစား လိုက်နာမှု မရှိဘဲ ငွေမျက်နှာ တခုတည်းကြည့်၍ စီရင်ဆုံးဖြတ်နေကြောင်း လယ်ဝေးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးမျိုးဇော်အောင်ကလည်း ပြောသည်။
“ဆန္ဒန်ဆင်မင်း ဇာတ်တော်ထဲကလို အစွယ်လိုသူ မိဖုရား၊ စေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ သောနုတ္တရမုဆိုး တို့လို ကြံဖော်ကြံဖက်များ ဖြစ်ကြတဲ့ အကျင့်ပျက်ခြစားနေတဲ့ တရားလို၊ ရဲဝန်ထမ်း၊ ရှေ့နေရှေ့ရပ်၊ ဥပဒေ အရာရှိ၊ တရားသူကြီး များ အားလုံးကို ထိရောက်စွာ အရေးယူဖို့ လိုအပ်ပါတယ်” ဟုလည်း ဦးမျိုးဇော်အောင်က လွှတ်တော်တွင် ပြောဆိုသည်။
ယခုအဆိုသည် စည်းကမ်းချက်၊ ကန့်သက်ချက်များနှင့် ညီညွတ်၍ ဆွေးနွေးရန် ခွင့်ပြုသည့် အဆိုတခုဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များသည် မဏ္ဍိုင်တခုနှင့်တခု အပြန်အလှန် ထိန်းကျောင်းနေခြင်းသာ ဖြစ်၍ တရားရုံးကို မထီမဲ့မြင်ပြုခြင်း မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က မှတ်ချက်ချ ပြောဆိုသည်။
တရားလွှတ်တော်ချုပ်တွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် တရားသူကြီးများသည် ယခင်အစိုးရ လက်ထက်က ခန့်အပ်ခဲ့ သည့် တရားသူကြီးများဖြစ်ပြီး ၎င်းတို့အားလုံးသည် အသက် ၇၀ အထိ တာဝန် ထမ်းဆောင်ခွင့်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ က ခွင့်ပြုထားကြောင်း သိရသည်။