လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မှန်မှန်တိုးတက်နေပြီး ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသော ဘဏ္ဍာနှစ်တွင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံ အထိ ရှိလာသည်။
လွန်ခဲ့သော အထွေထွေ ရွေးကောက်ပွဲ အပြီး တည်ငြိမ်သော နိုင်ငံရေး အကူးအပြောင်းနှင့် အတူ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုနှင့် ယုံကြည်မှုများလည်း တိုးပွားလာသည်။
သို့သော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ စီမံခန့်ခွဲရေး အဖွဲ့များသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု အတွက် ဘုတ်အဖွဲ့၏ အတည်ပြုချက် တောင်းခံသော အခါ ထုံးစံအတိုင်း ကြုံတွေ့နေကျ စိုးရိမ်ပူပန်မှုများ၊ မေးခွန်းများသာ ပေါ်ပေါက်လာ နေဆဲ ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်းများ အနက် တခုမှာ များစွာသော ထိပ်တန်းစီးပွားရေး ခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ အခြေအနေ၊ အခွင့်အလမ်း၊ စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ဗဟုသုတ အနည်းငယ်သာ ရှိကြခြင်းကြောင့် ဖြစ်သည်။
ပြည်ပဘဏ်များ အတွက် လိုင်စင် ၁၄ ခု ချထားပေးသဖြင့် မြန်မာနိုင်ငံရှိ ဘဏ္ဍာရေး လုပ်ငန်းများသို့ ငွေလွှဲပြောင်း ပေးပို့ခြင်းတွင် တိုးတက်မှုများ ရှိလာပြီ ဖြစ်သည်။ ၎င်းတို့၏ ဘဏ်ခွဲများကို လုပ်ငန်းကန့်သတ်ချက်များ ချမှတ်ထား စေကာမူ မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေ လက်ခံရရှိရေး အတွက် ပုံမှန်အသုံးပြုနိုင်သော လမ်းကြောင်းသစ်များကို ကူညီ ထူထောင်ပေးကြသည်။ ပြည်တွင်းဘဏ်များသည်လည်း ဒေသတွင်းမှ ဘဏ်များနှင့် ချိတ်ဆက်ခြင်းနှင့် ၎င်းတို့၏ စွမ်းဆောင်ရည် တိုးတက်စေရန် အတွက် ဘဏ်လုပ်ငန်း အများအပြားကို ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းရာတွင် အကြီးအကျယ် တိုးတက်လာကြပြီဖြစ်သည်။
သို့သော် လုပ်ထုံးလုပ်နည်းပိုင်း အရ ကြည့်ပါက မြန်မာနိုင်သို့ စီးဆင်းဝင်ထွက်သော ငွေများအတွက် ဗဟိုဘဏ်၏ ခွင့်ပြုချက် လိုအပ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် အချို့သော ငွေများသည် မူရင်းဘဏ်သို့ ပြန်ရောက်သွားရပြီး အခြား သူများမှာမူ ငွေကို မရရှိမီ ခွင့်ပြုချက် လိုသောကြောင့် ရှည်ကြာသော နှောင့်နှေးမှုများနှင့် ကြုံတွေ့ကြရသည်။
လုပ်ထုံးလုပ်နည်း ကြီးကြပ်သူများ အဖြေရှာနေစဉ် အတွင်း ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လိုအပ်သော ခွင့်ပြုချက် ကြိုတင် ရရှိအောင် ပြုလုပ်ခြင်းဖြင့် ငွေကြေးစီးဆင်းမှုကို ကြိုတင်စီစဉ်ထားရမည် ဖြစ်သည်။ လိုအပ်သော စာရွက်စာတမ်းများ အားလုံးကို ပြင်ဆင်ထားပါ။ ထို့အပြင် အသုံးပြုသော ဘဏ်အနေဖြင့် ကြေးနန်းမှ တဆင့် မြန်မာနိုင်ငံတွင်း ပြင်ပငွေ ပေးပို့လက်ခံသည့် အတွေ့အကြုံ ရှိ-မရှိ လေ့လာထားလျှင် အသုံးဝင်မည် ဖြစ်သည်။
အခြား တွေ့ရတတ်သော စိုးရိမ်မှုမှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက် ရရှိရန် လွန်စွာ ခက်ခဲသည် ဟူသော စိုးရိမ်မှု ဖြစ်သည်။
ရင်းနှီးမြှုပ်နှံသူ အများစုက ၎င်းတို့ ပထမဆုံးအကြိမ် သွားရောက်စဉ် စီးပွားရေး လုပ်ငန်းပေါင်းစုံ ပြုလုပ်ရန် နှင့် အဖွဲ့အစည်း တခုတည်းဖြင့် လုပ်ငန်းအမျိုးမျိုး လုပ်ရန် ကုမ္ပဏီတခု အလွယ်တကူ ထူထောင်နိုင်မည် ဟု ယူဆကြသည်။ သို့သော် ပထမ အကြိမ် ခရီးစဉ် အပြီးတွင် ၎င်းတို့သည် ကန့်သတ်ချက် အမျိုးမျိုး၊ စဉ်းစားသင့်သည့် ရွေးချယ်စရာ အမျိုးမျိုးတို့နှင့် ပတ်သက်သော သတင်းအချက်အလက် အလွန်အကျွံ ရရှိသွားကြပြန်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (Myanmar Investment Commission-MIC)၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ အထူး စီးပွားရေး ဇုန်များ၊ ပြည်တွင်း ဖက်စပ်လုပ်ငန်း စည်းကမ်းချက်များနှင့် ဝန်ကြီးဌာန ခွင့်ပြုချက်များ အကြောင်း သူတို့ ကြားသိကြရသည်။ ယုံကြည်ရသူ တဦး၏ အဆိုအရ လုပ်ထုံးလုပ်နည်း အသစ်အချို့ကို မကြာမီ ကြေညာတော့မည် ဟုလည်း မိတ်ဆွေများက သူတို့ကို တခါတရံပြောသည်။
ရင်းနှီးမြှုပ်နှံသူများ အတွက် အခြေခံမေးခွန်း ၂ ခုမှာ- (က) မည်သည့် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုမျိုးကို ပြန်မာနိုင်ငံတွင် ထုတ်လုပ် မည်နည်း။ (ခ) ထုတ်ကုန်ကို ပြည်ပတင်ပို့မည်လော သို့မဟုတ် ပြည်တွင်းစားသုံးရန် ထုတ်လုပ်မည်လော တို့ဖြစ်သည်။
ယေဘုယျ အားဖြင့် ဆိုရပါက ကန့်သတ်မှု မရှိသော ရင်းနှီးမြှုပ်နှံမှုများ အတွက် ကုမ္ပဏီများသည် ကုမ္ပဏီအက်ဥပဒေ ဘောင်အတွင်း ဝင်သော အခြေခံကုမ္ပဏီ တခုကို ထူထောင်သင့်သည်။ ကန့်သတ်ထားသော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် နှစ်ရှည် မြေငှားရန် လိုအပ်သော ကုန်ထုတ်လုပ်ရေး စက်ရုံတည်ဆောက်ရန် ဖြစ်ပါက ရင်းနှီးမြှုပ်နှံသူများသည် အထူး စီးပွားရေးဇုန် တခုတွင် အဖွဲ့အစည်းတခု ထူထောင်ခြင်း သို့မဟုတ် အထူးစီးပွားရေးဇုန်တွင် မထူထောင်လိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် ခွင့်ပြုချက် လျှောက်ထားခြင်းတို့ အနက်တခုခုကို ရွေးရမည် ဖြစ်သည်။
လတ်တလောတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် သို့ လျှောက်ထားရန် အတွက် မျှော်မှန်းထားသော ရင်းနှီးမြှုပ်နှံမှု စီမံချက်၊ ဘဏ္ဍာရေး ဆိုင်ရာများနှင့် အခြားအချက်များ ပါဝင်ရန် လိုအပ်သည်။ အချို့သော ကိစ္စများတွင် သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ သုံးသပ်ချက် လိုအပ်သည်။ လုပ်ငန်းစဉ် တခုလုံးကို ခြုံကြည့်လျှင် အတော်အတန် ကျယ်ပြန့်လှပြီး အခြား နိုင်ငံများတွင် အဓိက အခြေခံအဆောက်အဦ စီမံကိန်း လုပ်ကိုင်ခွင့် ရရန် ကြိုးစားရသည့် ပုံစံမျိုး ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် လုပ်ငန်းအားလုံး ထိုသို့ ဆောင်ရွက်ရပြီး သေးငယ်သော ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်မှာပင် အသေးစိတ် လျှောက်ထားရန် အတွက် စရိတ်နှင့် ချိန်ကိုက် လုပ်ဆောင်မှု လိုအပ်သည်။ လုပ်ငန်းအဆင့်ဆင့်သည် လများစွာ ကြာနိုင်သည်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ဝန်ထုတ်ဝန်ပိုးကို လျှော့ချရန်နှင့် ခွင့်ပြုမိန့် ချပေးသည့် လုပ်ငန်းကို မြန်ဆန်စေရန် ကြိုးစားထားသည်။ ဥပဒေသစ်တွင် လျှောက်ထားရမည့် ပုံစံ ၂ မျိုး သတ်မှတ် ထားသည်။ စစ်ဆေးမှု ကြီးကြီးမားမား မရှိသည့် ကန့်သတ်ချက် မရှိသော ရင်းနှီးမြှုပ်နှံမှု နှင့် ယခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အသုံးပြုနေသော လုပ်ထုံးလုပ်နည်းနှင့် တူသော ပုံစံ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့မည့် သို့မဟုတ် လွတ်လပ်သော ကုန်သွယ်ရေး ဇုန်များတွင် လုပ်ကိုင်လိုသည့် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ လုပ်ငန်းကို အထူးစီးပွားရေး ဇုန်များတွင် ထူထောင်ရန် စဉ်းစားနိုင်သည်။ ပို့ကုန် ဦးစားပေး လွတ်လပ်သော ဇုန်များတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ယှဉ်လျှင် အနည်းငယ် ပိုမိုကောင်းမွန်သော အခွန်မက်လုံးနှင့် အနည်းငယ် ပိုမိုရှည်ကြာသော မြေငှားခွင့် (၇၅ နှစ်နှင့် ၇၀ နှစ်) ပေးထားသည်။ အထူးစီးပွားရေး ဇုန်များသည် လျှောက်လွှာ ရရှိမှုနည်းပြီး ပိုမိုချောမွေ့သော ခွင့်ပြုချက် ပေးစနစ် ရှိသောကြောင့် ခွင့်ပြုချက်ပေး မြန်ဆန်သည်။ ။
(The Nation ပါ Thomas Chan ၏ Debunking the myths about investing in Myanmar ဆောင်းပါးကို ဘာသာပြန်ဆိုသည်။ Thomas Chan သည် KPMG Myanmar ၏ အခွန်ဆိုင်ရာ Executive Director ဖြစ်သည်)