ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်အတွင်းရှိ စစ်ရှောင်ဒုက္ခသည် စခန်း ၃ ခုမှ မိသားစုများကို အီလက်ထရောနစ် ငွေပေး ချေရေး စနစ်တခုမှတဆင့် ထောက်ပံ့ငွေများ ပေးအပ်ရေးအတွက် ကနဦး စမ်းသပ် အစီအစဉ်တခုကို ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP) မှ စတင်ဆောင်ရွက်ခဲ့သည်။
ပဋိပက္ခများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည့် ပြည်သူများကို ထိုအစီအစဉ်အရ လစဉ် တဦးလျှင် ကျပ် ၉၀၀၀ မှ ၁၃၀၀၀ အတွင်း ထောက်ပံ့သွားမည် ဖြစ်သည်။
ယခု နှစ် ဖေဖော်ဝါရီလ ကုန်ပိုင်းတွင် စုစုပေါင်း မိသားစု ၁၁၂ ခုသည် ပထမဆုံး အသုတ်အဖြစ် မိုဘိုင်းဖုန်းများမှ တဆင့် ထောက်ပံ့ငွေများ ရရှိခဲ့ကြပြီးဖြစ်သည်။ ယခင်ကဆိုလျှင် ငွေသားဖြင့် ရရှိခဲ့ကြခြင်း ဖြစ်သည်။
မိသားစုများ အနေဖြင့် ဖုန်းမှတဆင့်ရရှိသည့် ငွေကို အသုံးပြု၍ ဒေသတွင်း ဆိုင်များတွင် အစားအစာနှင့် အခြေခံ ပစ္စည်း များ ဝယ်ယူနိုင်ကြမည် ဖြစ်သည်။
“အစားအစာတွေကို ဈေးတွေမှာ ရရှိနိုင်လာတဲ့ အခါ WFP က အစားအစာတွေ ဝေငှ မပေးတော့ဘဲ ငွေကြေး အထောက် အပံ့ ပေးသွားမှာ ဖြစ်ပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံ ဆိုင်ရာ Scalpelli ၏ ကျေညာချက် တစောင်တွင် ဖော်ပြထား သည်။
မိုဘိုင်းဖုန်းများကို အသုံးပြု၍ ငွေလွှဲခြင်းက မြန်ဆန်၍ လုံခြုံစိတ်ချရပြီး လက်ခံသူများအတွက် ပိုမို လွယ်ကူ အဆင်ပြေ စေ သည်ဟု သူကပြောသည်။
မတ်လ အတွင်းတွင် နောက်ထပ် မိသားစု ၁၇၂ စုသည် ‘e-wallet’ အကြို စမ်းသပ် အစီအစဉ်ဖြင့် လွှဲပြောင်းပေးသည့် ထောက်ပံံ့ငွေများ ရရှိကြမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် WFP က ပထမဆုံးပြုလုပ်သည့် အစီအစဉ် ဖြစ်သည်။
WFP က အိမ်ထောင်ဦးစီးများ၏ ပုဂ္ဂလိက ဘဏ်စာရင်းသို့ အီလက်ထရောနစ် နည်းဖြင့် ငွေလွှဲပြောင်းပေးနိုင်ရန် ရိုးမ ဘဏ်၊ FMI နှင့် တယ်လီနော တယ်လီဖုန်းကုမ္ပဏီတို့ ဖက်စပ်ဖွဲ့စည်းထားသည့် Wave Money နှင့် အတူ ပူးပေါင်းဆောင်ရွက်နေသည်။
လက်ခံရရှိသူများ အနေဖြင့် ငွေလွှဲပြောင်းပြီးသည့် အခါ အကြောင်းကြားသည့် SMS တစောင်ရရှိမည် ဖြစ်ပြီး အနီးဆုံး Wave Shop.’ များတွင် ငွေသားဖြင့် ပြန်လည်ထုတ်ယူနိုင်မည် ဖြစ်သည်။ WFP က ထောက်ပံ့ငွေရရှိမည့် မိသားစုများ အတွက် မိုဘိုင်းဖုန်းများ နှင့် ဆင်းကတ်များ ထုတ်ပေးသွားမည် ဖြစ်သလို အဆိုပါ စနစ်ကို အသုံးပြုနိုင်ရန် အတွက် လေ့ ကျင့်သင်တန်းပေးသွားမည် ဖြစ်သည်။
ဧပြီလ နောက်ပိုင်းတွင် ထောက်ပံ့ငွေရရှိသည့် မိသားစုများထံမှ တုန့်ပြန်မှုများ နှင့် နည်းပညာဆိုင်ရာများ ကို အခြေခံ၍ WFP က စမ်းသပ်အစီအစဉ်ကို ဆန်းစစ်သုံးသပ်ပြီး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ရန် နှင့် တိုးချဲ့ရန် သင့် မသင့် ကို ဆုံးဖြတ်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်း တိုက်ပွဲများ နှင့် သဘာဝ ဘေးအန္တရယ်များကြောင့် ထောက်ပံ့ ကူညီမှု လိုအပ်နေသူ ၅ သိန်း ဝန်းကျင် ရှိသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားခြင်း ဆိုင်ရာ ညှိနှိုင်းရေး ရုံး(UNOCHA) က ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။
စာရင်း အချက်အလက်များအရ အမျိုးသမီးနှင့် ကလေးငယ် ၈၀ ရာခိုင်နှုန်းပါဝင်သော ပြည်တွင်း ဒုက္ခသည် ၂၁၈ ၀၀၀ ဦး သည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ် များရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရသည်။ အခြား သော ပြည်သူ ၃၀၇၀၀ ဦးမှာမူ သူတို့၏ နေအိမ်များတွင် နေထိုင်နိုင်ဆဲ ဖြစ်သော်လည်း လူသားချင်းစာနာ ထောက်ထား မှု ဆိုင်ရာ အကူအညီများ လိုအပ်နေသည်ဟု UNOCHA ကဆိုသည်။
ကချင်နှင့် ရခိုင်ပြည်နယ် အပါအဝင် နေရာအများအပြားသို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေး အပ်ရေးမှာလည်း ထိန်းချုပ်ကန့်သတ်မှုများ ရှိနေဆဲဖြစ်သည်။