ပြည်တွင်း NGO တခုက ပြုစုထားသော ပြည်သူ့နီတိစာအုပ်များတွင် ဘာသာကြီးလေးခုအကြောင်း မိတ်ဆက်ကို ထည့်သွင်းဖော်ပြထားသဖြင့် အမျိုးသားရေးဝါဒီများက ဆန့်ကျင်ကန့်ကွက်လိုက်ပြီး ယင်းအကြောင်းအရာများသည် နိုင်ငံကို အစ္စလာမ်ဇာတ်သွင်းရန် အားထုတ်မှု ဖြစ်သည်ဟုပင် စွပ်စွဲလိုက်သည်။
ယင်းပြည်သူ့နီတိစာအုပ်များကို ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) က ပြုစုထားကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကတည်းက ထုတ်ဝေထားခြင်း ဖြစ်သည်။ ယင်းပြည်သူ့နီတိစာအုပ်များကို အစိုးရနှင့် အစိုးရမဟုတ်သော ပညာရေးအဖွဲ့အစည်းများမှ သင်ကြားပို့ချသူများအတွက် ကိုးကားရန် အရင်းအမြစ်တခုအဖြစ် ဖြန့်ဝေပေးထားကြောင်းလည်း သိရှိရသည်။
CDNH ၏ ပြည်သူ့နီတိစာအုပ်များအနက် တတိယတန်းနှင့် စတုတ္ထတန်းစာအုပ်များတွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာနှင့် ခရစ်ယာန်ဘာသာစသည့် လူအများ ကိုးကွယ်ကြသည့် အဓိက ဘာသာကြီးလေးခုတို့၏ အခြေခံအကြောင်းအရာများကို ဘာသာတရားမိတ်ဆက်အဖြစ် ထည့်သွင်းဖော်ပြထားသည်။
မန္တလေးမြို့မှ ဆရာတော်ဦးဝီရသူ (မစိုးရိမ်) က ပြည်သူ့နီတိသင်ခန်းစာများတွင် ယင်းကဲ့သု့ိသော ဘာသာရေးအကြောင်းအရာများ ထည့်သွင်းဖော်ပြခြင်းသည် နိုင်ငံကို အစ္စလာမ်ဇာတ်သွင်းရန် အားထုတ်နေခြင်း ဖြစ်ကြောင်း မတ်လ ၄ ရက်နေ့တွင် သူ၏ ဖေ့ဘွတ်မှတဆင့် ဝေဖန်မိန့်ကြားခဲ့သည်။ ပြဌာန်းလိုပါကလည်း ဘာသာပေါင်းစုံအစား အများစုကိုးကွယ်ရာ ဘာသာတခုကိုသာ ပြဌာန်းစေလိုကြောင်းလည်း ထည့်သွင်းရေးသားထားသည်။
၂၀၁၆ ခုတွင် ထုတ်ပြန်ခဲ့သည့် ဘာသာရေး သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ၏ ၈၇.၉ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာ၊ ၆.၂ ရာခိုင်နှုန်းသည် ခရစ်ယာန်ဘာသာ၊ ၄.၂ ရာခိုင်နှုန်းသည် အစ္စလမ်ဘာသာ၊ ဝ.၈ ရာခိုင်နှုန်းသည် နတ်ကိုးကွယ်မှုနှင့် ဝ.၅ ရာခိုင်နှုန်းတို့သည် ဟိန္ဒူဘာသာတို့ကို ကိုးကွယ်ကြသည်။
လတ်တလောတွင် ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကျောင်းများအတွက် ကျောင်းသင်ရိုးညွှန်းတမ်းများကို စနစ်သစ်ဖြင့် အစားထိုးနိုင်ရန် ပြန်လည်ပြုစုနေသည့်အချိန်လည်း ဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်သည့် မြန်မာနိုင်ငံ ပညာရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲ၏ အဆိုအရ ဝန်ကြီးဌာနအနေဖြင့် ပထမတန်း သင်ရိုးညွှန်းတမ်းအသစ်ကိုပင် ပြုစု မပြီးသေးကြောင်း သိရသည်။
ဒေါက်တာခိုင်မြဲက ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ရိုးညွှန်းတမ်းအသစ်များအတွက် အကြောင်းအရာများကို ရွေးချယ်ပြုစုရာတွင် ပညာရေးကဏ္ဍတွင် ပါဝင်ပတ်သက်သူများ၊ ပညာရှင်များ အားလုံး၏ အကြံဉာဏ်နှင့် ဆွေးနွေးချက်များကို ထည့်သွင်းစဉ်းစားပြီးမှသာ အတည်ပြု ပြဌာန်းခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
သမ္မတဟောင်း ဦးသိန်းစိန်၏ အကြံပေးဒေါက်တာနေဇင်လတ် ဥက္ကဌအဖြစ် ဆောင်ရွက်သော အမျိုးသားရေးဝါဒီ နိုင်ငံရေးပါတီတခုဖြစ်သည့် အမျိုးသားတိုးတက်ရေးပါတီကလည်း CDNH ၏ ပြည်သူ့နီတိစာအုပ်များကို ကန့်ကွက်ရှုတ်ချသော ကြေညာချက်တစောင်ကို မတ်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
“ပြည်သူ့နီတိ (moral instruction) သည် ပြည်သူများ လိုက်နာကျင့်သုံးရမည့် လမ်းညွှန်ချက်သာဖြစ်ပြီး ဘာသာရေးဆိုင်ရာ အဓိပ္ဗါယ်ဖော်ပြချက် (religious instruction) မဖြစ်သင့်ပါ” ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
အတိုက်အခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကလည်း ၎င်းပြည်သူ့နီတိသင်ခန်းစာများနှင့် ပတ်သက်ပြီး မတ်လ ၄ ရက်နေ့က သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ကာ ”ပညာရေးနှင့် ဘာသာရေးကို ရောထွေးရန် မသင့်” ဟုဖေါ်ပြထားသည်။
“ယနေ့အချိန်ကဲ့သို့ ဘာသာရေး အကဲဆတ်လွန်းသည့်အခြေအနေတွင် ဤသင်ရိုးညွှန်းတန်းကို လက်ခံနိုင်ဖွယ်မရှိပါ။ စာသင်ကျောင်းများ၌ ယခင်သင်ရိုးညွှန်းတန်းတွင် မပါရှိသည့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဘာသာအသစ်များ ထည့်သွင်းသင်ကြားခြင်းသည် အခြေအနေကို ပိုမိုရှုပ်ထွေးစေနိုင်ပါသည်” ဟု ထုတ်ပြန်ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ချက်တွင် ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းသင်ရိုးညွှန်းတမ်းပြုစုပြဌာန်းခြင်းနှင့် ပတ်သက်သည့် အခြေအနေမှန်ကို ပြည်သူလူထုကို ပွင့်လင်းမြင်သာမှု ရှိရှိ အသိပေးရန် လိုကြောင်းလည်း ဆိုထားသည်။
ငြင်းခုံမှုများနှင့် ပတ်သက်ပြီး CDNH က မတ်လ ၅ ရက်နေ့တွင် ကြေညာချက်တစောင်ကို တရားဝင်ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် CDNH အဖွဲ့အစည်းသည် လူမှုရေးသိပ္ဗံ၊ သမိုင်းနှင့် ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထားပြီး ဘာသာရေးခေါင်းဆောင်များ ပါဝင်ခြင်း မရှိကြောင်း ဆိုထားသည်။
CDNH က ပြုစုထားသော ပြည်သူ့နီတိစာအုပ်များပါ အကြောင်းအရာများသည်လည်း ပြည်သူ့နီတိရေးရာ ကျွမ်းကျင်သူများ၊ ပြည်သူ့နီတိ သင်တန်းဆရာများ၊ သက်ဆိုင်ရာ ဘာသာရေးဆရာများနှင့် တိုင်ပင်ကာ အကြံဉာဏ်ရယူပြီး ရေးဆွဲထားခြင်း ဖြစ်ကြောင်း ဆိုသည်။
CDNH ၏ ပြည်သူ့နီတိစာအုပ်များပါ ဘာသာရေးမိတ်ဆက် အကြောင်းအရာများသည် ကလေးငယ်များအကြား လူ့ဘောင်အတွင်းရှိ ကိုးကွယ်ယုံကြည်မှုများနှင့် ပတ်သက်ပြီး ဗဟုသုတရစေရန် ရည်ရွယ်ကာ ဘာသာကြီးလေးခုအကြောင်း အခြေခံအကြောင်းအရာများကို အကျဉ်းထည့်သွင်းဖော်ပြထားခြင်း ဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်သည်။
သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနနှင့် ပညာရှင်များအား ပြည်သူ့နီတိသင်ကြားရေးတွင် ကိုးကားနိုင်သည့် စာအုပ်များအဖြစ် လိုအပ်သလို အသုံးပြုနိုင်စေရန် ဖြန့်ဖြူးဝေငှပေးခဲ့ကြောင်း၊ ပြည်သူ့နီတိသင်ကြားရေးနှင့် ပတ်သက်ပြီး သင်တန်းရယူလိုသော အဖွဲ့အစည်းများကိုသာ သင်ကြားရေးသင်တန်းများ ပေးဝေခဲ့ကြောင်း ရှင်းလင်းဖော်ပြထားသည်။
“CDNH မှ ထုတ်ဝေသော ပြည်သူ့နီတိစာအုပ်များကို မဖြစ်မနေအသုံးပြုရန် မည်သည့်ကျောင်း (သို့မဟုတ်) အဖွဲ့အစည်းကိုမျှ တိုက်တွန်းခြင်း မရှိခဲ့ပါ” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
“CDNH မှ ထုတ်ဝေထားသည့် ပြည်သူ့နီတိစာအုပ်များကို ဝေဖန်လိုသူများ အနေဖြင့် စာအုပ်များပါ ဆောင်းပါးတပုဒ်၊ နှစ်ပုဒ်ကိုသာ ကြည့်ကာ ဝေဖန်ခြင်းမပြုဘဲ စာအုပ်အားလုံးတွင် ပါဝင်သည့် အကြောင်းအရာများအားလုံးကို လေ့လာပြီးမှသာ မျှတစွာ ဝေဖန်ပေးစေလိုပါသည်” ဟု အမျိုးသားရေးဝါဒီများ၏ ဝေဖန်မှုများအပေါ် တုံ့ပြန်ထားသည်။
တမ္ပဒီပအင်စတီကျု့ကို တည်ထောင်သူ ဒေါက်တာခင်ဇော်ဝင်းကမူ မူလတန်းကျောင်းသားကျောင်းသူများကို ၎င်းတို့ ပတ်ဝန်းကျင်ရှိ မတူကွဲပြားမှုများအကြောင်း အခြေခံကို သင်ကြားပို့ချရာတွင် ဘာသာရေးနှင့် ပတ်သက်သည့် ဗဟုသုတများ မိတ်ဆက်သင်ကြားပေးနိုင်မှုသည် အင်မတန်အရေးပါကြောင်း ပြောဆိုသည်။
ယင်းအကြောင်းအရာအပေါ် အမျိုးသားရေးဝါဒီများ၏ ဝေဖန်ပြောဆိုမှုများ အပါအဝင် အမျိုးမျိုးသော ထင်မြင်ယူဆချက်များ ရှိလာခြင်းမှာ ကောင်းသောအလေ့အထ ဖြစ်သော်လည်း အမျိုးသားရေးဝါဒီများ၏ ဝေဖန်မှု အချက်အလက်များမှာ မှားယွင်းနေသည်ကိုလည်း ထောက်ပြလိုကြောင်း ဧရာဝတီကိုပြောသည်။
ဒီမိုကရေစီကို အကူးအပြောင်းကာလတွင် မတူကွဲပြားမှုသည် ဖိအားပေးခံနေရသည့် အခြေအနေတခုကို ရင်ဆိုင်နေရခြင်းမှာ ဝမ်းနည်းစရာကောင်းသည်ဟုလည်း ဒေါက်တာခင်ဇော်ဝင်းက ထည့်သွင်းပြောဆိုသည်။
CDNH ၏ ထုတ်ပြန်ချက်အရ CDNH သည် ပြည်သူ့နီတိစာအုပ်များကို သူငယ်တန်းမှ ၁၀ တန်းအထိ အခြေခံပညာရေးအတွက် ကျောင်းသားကိုင်၊ ဆရာလက်စွဲနှင့် ဆရာလမ်းညွှန်စာအုပ်များ စာအုပ်စုစုပေါင်း ၁၇ အုပ်ထုတ်ဝေထားကြောင်း သိရသည်။
CDNH သည် ရန်ကုန်နှင့် မန္တလေးတွင် စာပေပညာရှင်များ၊ ပုဂ္ဂလိကကျောင်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများမှ သက်ဆိုင်ရာပညာရှင်များနှင့် တွေ့ဆုံကာ CDNH ၏ ပြည်သူ့နီတိစာအုပ်များ မိတ်ဆက်ခြင်းနှင့် အကြံဉာဏ်များ တောင်းခံခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းလည်း ဆိုထားသည်။