သတင်း

Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်း ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံရ

Myanmar Now သတင်း အေဂျင်စီ သတင်းထောက်ချုပ် ကိုဆွေဝင်းကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆရာတော် ဦးဝီရသူ ၏ တပည့် ဦးကျော်မျိုးရွှေ ဆိုသူက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းတွင် မတ်လ ၇ ရက်နေ့က အမှုဖွင့်ဆိုထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်း တွဲဖက် တာဝန်မှူး ဒုရဲအုပ် ဇင်မင်းထွန်း က “Myanmar Now သတင်းထောက် ဦးဆွေဝင်းကို တရားစွဲထားတဲ့ တရားလိုကတော့ ဦးကျော်မျိုးရွှေ ပါ။ ဦးကျော်မျိုးရွှေ က ဆရာတော် ဦးဝီရသူရဲ့ တပည့် အရင်းပါ။ အမှုစစ်ကိုလည်း ကျနော်တို့ ဒီအမှုကို လွှဲလိုက်ပါပြီ။ အမှုစစ်က ဘာတွေ ဆက်လက်ဆောင်ရွက်မယ် ဆိုတာကို ကျနော်တို့ မသိရှိရ သေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

Ba Kaung အမည်ဖြင့် လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာ ကို အသုံးပြုသူ ကိုဆွေဝင်း၏ အကောင့်တွင် မဘသ ဆရာတော် ဦးဝီရသူကို ပုတ်ခတ်ရေးသားသည်ဟု ဆိုသည့် အကြောင်းပြချက်ဖြင့် ဦးကျော်မျိုးရွှေက အမှုဖွင့် ထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ရဲတပ်ဖွဲ့ထံက ရရှိထားသည့် မှတ်တမ်းများ အရ ဖေ့စ်ဘုတ်ပေါ်မှ Ba Kaung အကောင့်တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်စွဲဖြင့် “ရွေးကောက်ပွဲ ပြီးသွားကတည်းက အသံတိတ်သွားတဲ့ မဘသ ပြန်လာပြီ” ဟု လည်းကောင်း၊ ဖေဖော်ဝါရီ ၂၈ ရက်စွဲဖြင့် “ဝီရသူ ပါရာဇိက ကျပြီး ရဟန်းဘဝ နိဋ္ဌိတံသွားပြီ ဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိက အခုမှ ကျတာတော့ မဟုတ်လောက်ပါဘူး” ဟု စသည့် ရေးသားချက်များအပေါ် မကျေနပ်သဖြင့် တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

ပါရာဇိက ကျသည် ဆိုသည်မှာ သာသနာတော်မှ ဆုံးရှုံးခြင်း၊ ရဟန်းဘဝမှ ပြစ်မှု ကျူးလွန်သောကြောင့် ရဟန်းဘဝမှ လျော့ကျ သွားခြင်း၊ ရဟန်းဝတ် ဘဝမှ လူ့ဘဝသို့ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း သိရပြီး၊ နိဋ္ဌိတံ ဆိုသည်မှာ ပြီးဆုံးသွားပြီ ဟု အဓိပ္ပာယ်ရသည်။

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု အပေါ် မဘသ ဆရာတော် ဦးဝီရသူသည် “အနာဂတ် မြန်မာ့သာသနာ အတွက် စိုးရိမ်မှုတွေ ကင်းပျောက် သွားလို့ စိတ်သက်သာရာ တော့ ရလိုက်တယ်၊ ကြည်လင်းကို ကျေးဇူးတင်တယ်၊ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်၊ အောင်ဝင်းခိုင်ကို ကျေးဇူး တင်တယ်၊ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်၊ သူတို့ မိသားစုတွေကို စာနာမိတယ်” ဟု ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

မဘသ ဆရာတော် ဦးဝီရသူ၏ ပြောဆိုရေးသားမှုများနှင့် ပတ်သက်ပြီး ဆရာတော်အချို့အား မေးမြန်းရာတွင် ပါရာဇိက ကံမြောက်ကြောင်း ဖြေကြားမှု အပေါ် သတင်းရေးသား ထုတ်ပြန်ခဲ့ပြီး ထိုသတင်း၌ သတင်းရင်းမြစ်၏ ပြောဆိုချက်အပေါ် ကိုးကား၍ ၎င်း၏ Facebook စာမျက်နှာပေါ်တွင် ရေးသား ဖော်ပြခဲ့ကြောင်း၊ ပုဒ်မ ၆၆ (ဃ) ဖြင့် ဖေဖော်ဝါရီ ၇ ရက်နေ့က အမှုဖွင့်ထားပြီး ဖြစ်သော်လည်း ရဲတပ်ဖွဲ့ထံက တစုံတရာ အကြောင်းကြား လာခြင်း မရှိသေးကြောင်း ကိုဆွေဝင်း က ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာ၌ ရှင်းပြထားသည်။

၎င်းက “ကျနော်တို့ကတော့ မြတ်စွာဘုရားရဲ့ သင်္ကန်းရေခြုံပြီး ဒုစရိုက်မှုတွေ ကျူးလွန်နေသူ၊ ရာဇဝတ်မှုကို အားပေး အားမြှောက် ပေးနေတဲ့သူတွေကို ဘာမှတောင်းပန်စရာ၊ ညှိနှှိုင်းစရာမရှိဘူး။ ရဲက လာခေါ်လို့ကတော့ လိုက်သွားဖို့ အသင့်ပဲ” ဟု ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။

ကိုဆွေဝင်းသည် အင်းဝအပ်ချုပ်ဆိုင်၌ အလုပ်သမများ ညှင်းပန်းနှိပ်စက်မှုကို ဖော်ထုတ်ရေးသားခဲ့သူဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဥပဒေရေးရာ အကြံပေးအဖွဲ့ဝင် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု သတင်းတို့ကို ဖော်ထုတ် ရေးသား မှုများတွင် လူသိများလာခဲ့သည့် သတင်းထောက် ဖြစ်သည်။

သူသည် ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု သတင်းရေးသား ဖော်ထုတ်မှုနှင့် ပတ်သက်ပြီးနောက် အစွန်းရောက်များ၏ ခြိမ်းခြောက်မှုများကို ခံခဲ့ရကြောင်းသိရသည်။

Loading