ပန်ခမ်း ထိပ်သီး အစည်းအဝေးအပြီး တိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် “နိုင်ငံရေး ဆွေးနွေးမှု ကော်မတီ – ယာယီ” ကို မတ်လကုန်တွင် အတည်ဖွ့ဲစည်းပြီး အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးနိုင်ရေး အတွက် စတင် ပြင်ဆင် သွားမည်ဟု သတင်းရရှိသည်။
“နိုင်ငံရေး ဆွေးနွေးမှု ကော်မတီ – ယာယီ” ကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၄ ရက်အထိ ‘ဝ’ ပြည် သွေးစည်း ညီညွတ် ရေး တပ်မတော် (UWSA) ဌာနချုပ်ရှိရာ ပန်ခမ်း(ပန်ဆန်း)မြို့တွင် မြောက်ပိုင်း အခြေစိုက် တိုင်းရင်းသား လက်နက် ကိုင် ၇ ဖွဲ့ဖြင့် ကျင်းပ ခဲ့သည့် တတိယ အကြိမ် ပန်ခမ်း ထိပ်သီး အစည်းအဝေး အပြီးတွင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်က “ဆွေးနွေး ညှိနှိုင်း ပြီး သက်ဝင်လှုပ်ရှားအောင် လက်တွေ့ကျကျ အလုပ်လုပ်သွားမယ်ဆိုတဲ့ သဘောရှိပါတယ်။ မတ်လကုန်ပြီ ဆိုရင် ကျနော်တို့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက အခု ကျနော်တို့ ဖွဲ့မယ့် ကော်မတီကို သက်ဆိုင်ရာ အမည် စာရင်းတွေ ပို့ပြီး စပြီး အလုပ်လုပ်သွားပါမယ်”ဟု ပြောသည်။
အစည်းအဝေးတွင် UWSA ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) ၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ် မတော် (AA)တို့ တက်ရောက်ခဲ့ကြပြီး မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့သည် လမ်းခရီး အခက်အခဲကြောင့် မလာရောက်နိုင်ဘဲ အစည်းအဝေးသို့ စာတမ်းများ ပေးပို့ခဲ့ကြောင်း သိရသည်။
နိုင်ငံရေး ဆွေးနွေးမှု ကော်မတီ – ယာယီ အား အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့ မှ ခေါင်းဆောင် ၃၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ကော်မတီ ဥက္ကဋ္ဌ နေရာကို UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်း က တာဝန်ယူထားသည်။
ကော်မတီတွင် ဒုဥက္ကဋ္ဌ ၈ ဦး ထားရှိမည်ဖြစ်ပြီး ထို ၈ ဦးကို UWSA မှအပ ကျန်အဖွဲ့အစည်း ၈ဖွဲ့ မှ တဦးစီ တာဝန် ပေးမည် ဖြစ်သည်။ ကော်မတီ၏ အတွင်းရေးမှူး အဖွဲ့ကိုလည်း အဆိုပါ ၉ ဖွဲ့မှ တဦးစီ ရွေးချယ်မည်ဟု ဆိုသည်။
နိုင်ငံရေး ဆွေးနွေးမှု ကော်မတီ အောက်တွင် အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးရန် အတွက် နိုင်ငံရေး ဆွေးနွေးမှု ကိုယ်စား လှယ်အဖွဲ့ကို ထပ်မံဖွဲ့စည်းမည်ဖြစ်ပြီး ထိုအဖွဲ့တွင် UWSA မှ ခေါင်းဆောင် ၃ ဦး၊ ကျန် ၈ ဖွဲ့မှ ခေါင်းဆောင် ၂ ဦးစီဖြင့် စုစုပေါင်း ၁၉ ဦးဖြင့် ဖွဲ့စည်းရန် သဘောတူထားကြသည်။
အဆိုပါ ကော်မတီနှင့် အဖွဲ့ ကိုယ်စားလှယ်များကို ဖွဲ့စည်းပုံသတ်မှတ်ထားခြင်း ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက တာဝန်ယူရမည့် သူများ အမည်စာရင်းကို မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး UWSA ပြင်ပ ဆက်ဆံရေးရုံးဌာနကို ပေးပို့ကြမည်ဟု သိရသည်။
“နိုင်ငံရေး ဆွေးနွေးမှု ကော်မတီ” အဖွဲ့ဝင် အမည်စာရင်းများ သတ်မှတ်ပြီးပါက ယာယီအဖြစ် သတ်မှတ်ထားသည့် ကော်မတီကို အတည်ပြုလိုက်မည်ဖြစ်သည်ဟု ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောသည်။
ပန်ခမ်း ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်အရ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှ စ၍ ပြုလုပ်ခဲ့သည့် တနိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA)ကို ဆက်လက် မဆွေးနွေးတော့ဘဲ ငြိမ်းချမ်းရေး စာချုပ် အသစ်တခု ရေးဆွဲကာ နိုင်ငံရေးဆွေးနွေးပွဲကို အမြန်သွားနိုင်ရန် စီစဉ်ကြမည်ဟုလည်း သိရသည်။
ဗိုလ်မှူးချုပ် တာဘုန်းကျော်က “NCA အတိုင်း ဆက်သွားမယ်ဆိုရင် တပ်မတော်ကို ကျော်ဖို့ ညှိနှိုင်းဖို့ တော်တော်ခက် တယ်။ တခြားနည်းလမ်းက စဉ်းစားပြီး လက်တွေ့ကျကျ တိုက်ပွဲဖြစ်တာတွေကို ဘယ်လိုရပ်မလဲ။ နိုင်ငံရေး ဆွေးနွေးပွဲ ကို လက်တွေ့ကျကျ မြန်မြန် ဆန်ဆန် ဘယ်လိုဆွေးနွေးနိုင်မလဲဆိုတာ နည်းလမ်းအသစ်တခု ကြိုးပမ်းဖို့ ကျနော်တို့ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
လက်ရှိ သဘောတူညီချက်များအရ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးမည့် ကော်မတီနှင့် ကိုယ်စားလှယ် အဖွ့ဲကို UWSA က ဦးဆောင်သွားမည်ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးမည့် မူဘောင်သည် UWSA က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစု ပင်လုံ ပထမအကြိမ် အစည်းအဝေးတွင် တင်ပြထားသည့် “နိုင်ငံရေး ဆွေးနွေးမှုအပေါ် ဝ ပြည်နယ်၏ အထွေ ထွေ မူဝါဒ နှင့် အသေးစိတ် တောင်းဆိုချက်များ မူကြမ်း” အပေါ် အခြေခံကာ ကျန်အဖွဲ့ ၈ ဖွ့ဲက ဖြည့်စွက် ပြင်ဆင်ပြီး ဆွေးနွေးမည်ဟုလည်း ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဆိုသည်။
UWSA ၏ မူကြမ်းတွင် တိုင်းရင်းသားပေါင်းစုံ ကြီးငယ်မခွဲခြားဘဲ တန်းတူညီမျှရေး အတွက် ပင်လုံစိတ်ဓာတ် အခြေခံ ဟု ဆိုကာ အချက် ၁၅ ချက်ကို အသေးစိတ် ရေးသား တောင်းဆိုထားသည်။
ထို တောင်းဆိုချက်များတွင် နိုင်ငံတော်ဖွဲ့စည်းပုံစနစ်၊ သမ္မတတာဝန် ထမ်းဆောင်ရေး အရည်အချင်း၊ လွှတ်တော် အမတ် နေရာ ခွဲဝေမှု၊ တိုင်းရင်းသား ပြည်သူများ ဥပဒေ ပြဌာန်းခွင့်၊ တိုင်းရင်းသား ပြည်နယ်များ တရား စီရင်ပိုင်ခွင့်၊ တိုင်းရင်းသား ပြည်နယ်များ စီးပွားရေးဖွံ့ဖြိုးမှု ဖော်ဆောင်ခွင့်၊ ဘဏ္ဍာအခွန်နှင့် ငွေကြေး၊ အိမ်နီးချင်းနိုင်ငံနှင့် နယ်မြေ ဆက်နေသည့် တိုင်းရင်းသား ပြည်နယ်ဒေသများ၏ ပြင်ပဆက်ဆံခွင့် နှင့် နယ်စပ်ရေးရာ လုံခြုံရေးဆိုင်ရာ ကဏ္ဍများ ကို အသေးစိတ် ဆွေးနွေးရန် ဖော်ပြထားသည်။
ထို့အပြင် အိမ်နီးချင်းနိုင်ငံနှင့် နယ်မြေဆက်နေသည့် တိုင်းရင်းသား ပြည်နယ်များ၏ နယ်စပ် ကုန်ဝင်ကုန်ထွက် အခွန် ကိစ္စ များနှင့် ကူးစက်ရောဂါ စစ်ဆေးကာကွယ် ထိန်းချုပ်ခြင်း ကဏ္ဍ ၊ လူနည်းစု တိုင်းရင်းသား တပ်မတော် အရေး၊ လူမှုရေးရာ ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးရန်လည်း ရေးသားထားသည်။
အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်မှ တာဝန်ရှိသူများကို ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ပန်ခမ်း အစည်းအဝေး ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တရားဝင် မှတ်ချက်ပေး ပြောဆိုခြင်း မရှိပေ။
ငြိမ်းချမ်းရေး ကော်မရှင်၏ အကြံပေး ဦးအောင်ကြည် တဦးတည်းကသာ ကော်မရှင်အနေဖြင့် မဟုတ်ဘဲ ၎င်း၏ ထင်မြင် ယူဆချက်ကို ပြောဆိုနိုင်သည်ဟု ဆိုကာ ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ဧရာဝတီကို ဖြေဆိုထားသည်။
ဦးအောင်ကြည်က “ဒီအခြေအနေလေးဟာ လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းတဲ့နေရာမှာ အကျပ်အတည်း အခြေအနေ တခုကို ရှေးရှုသွားကောင်း ရှေးရှုနိုင်တယ်လို့ တွက်ဆမိပါတယ်။ ဒါပေမယ့် ဆွေးနွေးဖို့ နည်းလမ်းရှာဖို့ ဆိုတာလေးတွေပါတော့ လုံးဝကြီး အကျပ်အတည်းဖြစ်သွားမယ်လို့ မပြောနိုင်သေးပါဘူး”ဟု ပြောသည်။
ပန်ခမ်း ထိပ်သီးအစည်းအဝေး ပြီးသည့်နောက်တွင် ထိုအစည်းအဝေးပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် ငြိမ်းချမ်းရေး ကော်မရှင်ကြား တွေ့ဆုံမှု မရှိသေးသဖြင့် အခြေအနေများကို အတိအကျ သုံးသပ်နိုင်ခြင်း မရှိသေး ကြောင်း၊ ၎င်းတို့နှင့် တွေ့ဆုံပြီးမှ ပြောဆိုနိုင်မည်ဖြစ်ကြောင်း၊ တွေ့ဆုံရာတွင်လည်း အခက်အခဲများ ရှိပါက အပြု သဘော ဆောင်သည့် အခြေအနေဘက်ကို ရွေ့နိုင်ရန် စဉ်းစားဆောင်ရွက် ကြရမည်ဖြစ်ကြောင်းလည်း ဦးအောင်ကြည် က ပြောဆိုသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)ကမူ ပန်ခမ်း ထိပ်သီး အစည်းအဝေးနှင့် ပတ်သက်ပြီး ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း၊ လက်ရှိတွင် အစိုးရနှင့် NCA ကို လက်မှတ် ရေးထိုး နိုင်ရေးအတွက် မူ ၉ ချက်ညှိနှိုင်းမှုကို ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ လကုန်ပိုင်းက ဧရာဝတီကို ပြောဆိုထားသည်။
သို့သော် ဗိုလ်မှူးချုပ် တာဘုန်းကျော်က ထိုပြောဆိုချက်များသည် UNFC နှင့် ပန်ခမ်း ထိပ်သီးအစည်းအဝေး ပါဝင် သူ များ ကြား ကနဦး ချိတ်ဆက်မှု အားနည်းသွားခြင်းကြောင့် ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း တိုင်းရင်းသား ခေါင်းဆောင် များကြား ဖုန်း အဆက်အသွယ်များ ပြုလုပ်ထားပြီ ဖြစ်သဖြင့် နားလည်မှု ရရှိနေပြီဟု ပြောသည်။
UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပန်ခမ်း ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ရပ်တည်ချက် ပြတ်ပြတ်သားသား ထုတ်ဖော် ပြောဆိုခြင်း မရှိသေးသော်လည်း အစည်းအဝေးသွားတက်ခဲ့သည့် KIA နှင့် SSPP ခေါင်းဆောင်များနှင့် UNFC တွင် ပြန်လည် ဆွေးနွေးမေးမြန်းရန် လိုအပ်ကြောင်း၊ UNFC အတွင်း အစည်းအဝေးတရပ် ကျင်းပကာ အဖွဲ့အစည်းများ ၏ သဘောထားများကို ပြန်လည်ဆွေးနွေးကြရန်လည်း ရှိကြောင်း ဧရာဝတီကို ပြောဆိုထားသည်။