သတင်း

စစ်ကိုင်းဆန္ဒပြ အလုပ်သမားများ ထပ်မံ ဖမ်းဆီး ထောင်ချခံရ

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်းဒေသကြီး ပတ္တမြားစက်မှုဇုန်ရှိ အိန္ဒိယလူမျိုးပိုင် မြန်မာဗီနာ – သစ်အချောထည် စက်ရုံ (Myanmar Veneer Plywood) မှ အလုပ်သမား ၇ ဦးကို ယခင်ဆန္ဒပြခဲ့သည့် အမှုဟောင်းဖြင့် ထပ်မံဖမ်းဆီး၍ ထောင်ဒဏ်များ ချမှတ်ကြောင်း သိရှိရသည်။

အဆိုပါစက်ရုံ အလုပ်သမားခေါင်းဆောင် ကိုခိုင်မင်း အပါအဝင် အလုပ်သမား ၇ ဦးကို ၂၀၁၆ ခုနှစ် အတွင်း ဆန္ဒပြ ခဲ့ မှုနှင့် ပတ်သက်ပြီး ထပ်မံဖမ်းဆီး၍ စစ်ကိုင်းမြို့နယ်တရားရုံးက မတ်လ ၇ ရက်တွင် ထောင်ဒဏ်များ အသီးသီး ချမှတ် ခဲ့ကြောင်း အလုပ်သမားအရေး ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ အလုပ်သမား ခေါင်းဆောင်ဟောင်း ကိုဝင်းမင်းဦး က ပြောပြ သည်။

“မတရား ကျခံရတယ်လို့ပဲ ကျနော်မြင်တယ်။ တရားစွဲဆိုခဲ့တဲ့ မန်နေဂျာတောင် မြန်မာနိုင်ငံမှာ မရှိတော့ဘူး”ဟုလည်း ၎င်းက ပြောသည်။

စစ်ကိုင်း အလုပ်သမားသပိတ် ခေါင်းဆောင် ကိုခိုင်မင်း အပါအဝင် ကိုစောထွန်း၊ ကိုအောင်ကိုလင်း၊ ကိုရန်မျိုးနိုင်၊ ကိုအေးချမ်းမင်း တို့ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်တွင် စက်ရုံရှေ့သပိတ်စခန်း ဖွင့်သဖြင့် တားဆီးပိတ်ဆို့မှု ပုဒ်မ ၃၄၁ ဖြင့် ထောင်ဒဏ် ၁ လစီ အသီးသီး ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ဧပြီ ၂၉ ရက်တွင်လည်း စစ်ကိုင်းမြို့နယ်အတွင်း ခွင့်ပြုချက်မဲ့ စီတန်း လမ်းလျှောက်ခဲ့သဖြင့် စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဉာဏ်သောင်း က အလုပ်သမားသပိတ် ခေါင်းဆောင် ကိုခိုင်မင်း၊ ကိုအေးချမ်း၊ မစိမ်းလဲ့ခိုင်တို့ ၃ဦး အား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး၍ ထောင်ဒဏ် ၄ လစီ အသီးသီး ကျခံစေ ရန် မတ်လ ၇ ရက်တွင် စစ်ကိုင်းမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု ထောင်ဒဏ် ချမှတ်ခံရသူများသည် ၂၀၁၆ အောက်တိုဘာ ၂၄ ရက်တွင်လည်း နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံးက ပြစ်ဒဏ် ချမှတ်ထားသူများ ဖြစ်သည်။

“ဒီလို နောက်ကြောင်းပြန် အရေးယူတာ အဓိပ္ပာယ်မရှိဘူး”ဟု စစ်ကိုင်း အလုပ်သမားအရေး ဝန်းရံလှုပ်ရှားခဲ့သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့မှ ကိုနှင်းအောင်က ပြောသည်။

မြန်မာ-ဗီနာ သစ်အချောထည်စက်ရုံမှ အလုပ်သမား ၁၆၂ ဦး အလုပ်ထုတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး အလုပ် ပြန်လည် ခန့်ထားပေးရန်အတွက် အလုပ်သမားများသည် သပိတ်စခန်း ဖွင့်ပြီး ၂၀၁၆ မေလတွင် နေပြည်တော်သို့ ချီတက်ရာမှ တပ်ကုန်းမြို့၌ အလုပ်သမားများနှင့် ဝန်းရံသူ ၅၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဆန္ဒပြသူ ၅၁ဦး အနက် ယခုထောင်ဒဏ် ချမှတ်ခံရသည့် ၇ ဦးအပါအဝင် ၁၅ဦးတွင် အမျိုးသမီး ၃ ဦးကို ပုဒ်မ ၂ ခုဖြင့် ပြစ်ဒဏ် ၃ လ၊ အမျိုးသား ၁၂ ဦးကို ပုဒ်မ ၃ ခုဖြင့် ပြစ်ဒဏ် ၅ လ ကျခံစေရန် ၂၀၁၆ ခု အောက်တိုဘာ ၂၄ရက်တွင် နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံးက ပြစ်ဒဏ်များ ချမှတ်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading