သတင်း

အမျိုးသမီးများ အင်အားကို ငြိမ်းချမ်းရေးတွင် အသုံးချရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

စီးပွားရေးကဏ္ဍတွင် ဦးဆောင်နေသည့် အမျိုးသမီးများသည် ဓနအင်အားနှင့် စီးပွားရေး ကျွမ်းကျင်မှုများကို ငြိမ်းချမ်းရေး တွင် အသုံးပြုကြပါဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က “အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များဟာ စီးပွားရေးကဏ္ဍမှာ ၅၀ ရာခိုင်နှုန်း ပါသလို ကျမတို့ ငြိမ်းချမ်းရေး ရဖို့အတွက် လုပ်တဲ့နေရာမှာလည်း တဝက်တော့ တာဝန်ယူသင့်တယ်လို့ ကျမက ထင်ပါတယ်” ဟု ယမန်နေ့က နေပြည်တော်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ပြောသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်သည်ဆိုသည်မှာ အစည်းအဝေး ခန်းထဲတွင် ဝင်ထိုင်မှ ပါဝင်ခြင်း မဟုတ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က ဆက်ပြောသည်။

“တကယ့် ငြိမ်းချမ်းရေးဆိုတာဟာ အစည်းအဝေးထဲကနေ စတာ မဟုတ်ပါဘူး။ ကျမတို့ရဲ့ ပြည်သူလူထုတွေရဲ့ နှလုံးသား ထဲကနေပြီး စတာဖြစ်ပါတယ်။ ဦးနှောက်ထဲကနေ စတာဖြစ်ပါတယ်။ စီးပွားရေးအတွက် စဉ်းစားနိုင်တဲ့ ဦးနှောက်တွေကို ငြိမ်းချမ်းရေးအတွက် သုံးမယ်ဆိုလို့ရှိရင် ကျမတို့နိုင်ငံအတွက် ဘယ်လောက်အင်အား ဖြစ်စေမလဲဆိုတာ စဉ်းစားစေချင်ပါ တယ်”ဟု ၎င်းက ပြောဆိုသည်။

အမျိုးသမီးများအား ယခုလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ကြရန် တရားဝင် ဖိတ်ခေါ်ခြင်းကို ကြိုဆိုကြောင်း၊ သို့သော် လက်တွေ့တွင် အချိန်အခါနှင့် နေရာဖန်တီးပေးမှု မရှိသဖြင့် အရေးကြီးသည့်နေရာများတွင် အမျိုးသမီးများပါဝင်ခွင့် မရှိ သေး ကြောင်း ယနေ့အခမ်းအနားသို့ တက်ရောက်လာသည့် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ တဦး ဖြစ်သည့် ဒေါ်မေစံပယ်ဖြူက ပြောသည်။

ဒေါ်မေစံပယ်ဖြူက “အမျိုးသမီးတွေက စားပွဲဝိုင်းတွေရဲ့နောက်ကွယ်မှာ ပါနေခဲ့တာ ကြာပါပြီ။ တကယ် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချလို့ရတဲ့ နေရာတွေမှာ ဘာလို့ပါဝင်ခွင့် မပေးတာလဲ ဆိုတာ မေးခွန်းထုတ်နေတာပါ”ဟုလည်း ပြောဆိုသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်လမ်းညွှန်များတွင် အမျိုးသမီးများကို ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ပေးမည်ဟု ဖော်ပြ ထားသော်လည်း လက်တွေ့တွင် ပါဝင်ခွင့် မရကြသေးကြောင်း ဒေါ်မေစံပယ်ဖြူက ဆက်ပြောသည်။

တိုင်းပြည်တွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများသည် အားလုံးနှင့်သက်ဆိုင်သဖြင့် အစိုးရတခုတည်းနှင့် ဆောင်ရွက်၍ မရ ကြောင်း၊ အားလုံးနှင့် သက်ဆိုင်သောကြောင့် ယင်းဖြစ်စဉ်တွင် အမျိုးသမီးများက တက်တက်ကြွကြွ ပါဝင်ကြပြီး မည်ကဲ့သို့ ပံ့ပိုးပေးနိုင်မည်ကို လေးလေးနက်နက် စဉ်းစားစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

မြန်မာနိုင်ငံ၏လူဦးရေ ၅၁ သန်းကျော်တွင် အမျိုးသား ၄၉ ရာခိုင်နှုန်းကျော်နှင့် အမျိုးသမီး ၅၁ ရာခိုင်နှုန်းကျော်ရှိရာ တိုင်းပြည် လူဦးရေ၏ ထက်ဝက်ကျော်နေသော အမျိုးသမီးများသည် နိုင်ငံ၏အရေးပါသော ပြုပြင်ပြောင်းလဲမှုများအတွက် အင်အားစုတရပ်အဖြစ် ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကေ်ာမတီ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေး ကလည်း ယမန်နေ့က အခမ်းအနားတွင် ပြောသည်။

“ကျား၊ မ တန်းတူရေး၊ အမျိုးသမီးများအပေါ် ခွဲခြားမှု မရှိရေးတို့ကို နိုင်ငံတော်ရဲ့ တာဝန်ဝတ္တရားတရပ် အဖြစ် သတ်မှတ် ဆောင်ရွက်လျက် ရှိပါတယ်”ဟု ဒေါက်တာ ဝင်းမြတ်အေးက ဆိုသည်။

မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာကြီးအတွက်ပါ ငြိမ်းချမ်းရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိရန်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ငွေကြေးများကို စေတနာဖြင့် လှိုက်လှိုက် လှဲလှဲ ကူညီပံ့ပိုးပေးသည့် လုပ်ငန်းရှင်အားလုံးကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဒီလိုလုပ်ခြင်းအားဖြင့် ကျမတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုတင် ကူညီတာ မဟုတ်ပါဘူး။ စီးပွားရေးကိုလည်း ကူညီရာ ရောက် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့နိုင်ငံမှာရော တခြားမဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာရော၊ ဖွံ့ဖြိုးပြီးတဲ့ နိုင်ငံတွေမှာတောင် အတိုင်းအတာ တခုအထိ ဒီလိုပဲရှိပါတယ်”ဟု ၎င်းက ပြောဆိုသည်။

စီးပွားရေးနှင့် နိုင်ငံရေး၊ နိုင်ငံရေးနှင့် လူမှုရေး၊ လူမှုရေးနှင့် ငြိမ်းချမ်းရေး အားလုံးသည် ဆက်စပ်နေကြောင်း၊ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ဆက်စပ်နေသဖြင့် နိုင်ငံတနိုင်ငံ တည်ငြိမ်အေးချမ်းမှ စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်နိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆက်ပြောသည်။

“တကယ့်ကမ္ဘာကြီးကို ငြိမ်းချမ်းရေးဘက်ကို မေတ္တာဘက်ကို ကရုဏာဘက်ကို စေတနာဘက်ကို ပြောင်းလဲစေချင်တယ် ဆိုရင် ကျမတို့စိတ်များကို ပြောင်းရမှာဖြစ်သလို အမျိုးသမီးများ အနေနဲ့ ရှေ့ကဦးဆောင်ပြီး ပြောင်းသင့်ပြောင်းထိုက်တဲ့ အရာများ အပါအဝင် စိတ်ဓာတ်များ ပြောင်းလဲအောင် ကြိုးစားပေးကြပါ”ဟုလည်း ၎င်းက တိုက်တွန်းသွားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading