ထိုင်းနိုင်ငံ မယ်လရှိ မြန်မာဒုက္ခသည် စခန်းတခုတွင် မိမိကိုယ်ကို သတ်သေသူ အရေအတွက် တိုးပွားလာသည့် အတွက် ဒုက္ခသည်စခန်းမှာ တာဝန်ရှိသူများ အတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
လူဦးရေ ၄၀၀၀၀ ရှိသော မယ်လ ဒုက္ခသည်စခန်း၏ ဥက္ကဌ စောအောနက်စ်က ၂၀၁၆ ခုနှစ် အတွင်းတွင် မိမိကိုယ်ကို သတ်သေရန် ကြံစည်မှု ၅၄ မှုရှိခဲ့ပြီး အများစုမှာ သေဆုံးခဲ့ကြသည်ဟု ဧရာဝတီသို့ ပြောသည်။
“အဲဒါက သတိပေးချက်ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနောက်ကွယ်မှာ ဘာရှိသလဲဆိုတာကို ဖော်ထုတ်ဖို့ ကျနော်တို့ ကြိုးစား ခဲ့ပါတယ်” ဟု စောအောနက်စ် ကပြောသည်။
အရက်နှင့် မူးယစ်ဆေး သုံးစွဲခြင်းက အဓိက အကြောင်းများ ဖြစ်သည်ဟု အသိုင်းအဝိုင်း ခေါင်းဆောင်များ နှင့် စခန်းတာဝန်ရှိသူများက ပြောကြသည်။ အိမ်တွင်း အကြမ်းဖက်မှုများမှာလည်း ထိုနည်းတူပင် ဖြစ်သည်။
အမှု ၂၀ မှ ၃၀ အတွင်းသည် အိမ်တွင်း အကြမ်းဖက်မှုနှင့် ဆက်သွယ်နေပြီး အရက်နှင့် မူးယစ်ဆေး အလွန်အကျွံ သုံးစွဲမှု ကြောင့် ဖြစ်သည်ဟု စောအောနက်စ် ကပြောသည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည် စခန်းများတွင် အရက်နှင့် မူးယစ်ဆေး သုံးစွဲမှုကို တားမြစ် ပိတ်ပင် ထား သော်လည်း အကြမ်းဖက်မှုအများစု၏ အကြောင်ရင်းမှာ အရက်ကြောင့် ဖြစ်ပြီး မက်သဖက်တမင်းနှင့် ဆေးခြောက်ကို လည်း သုံးစွဲကြသည်ဟု စခန်း တာဝန်ရှိသူများက ပြောကြသည်။
မယ်လ စခန်းသည် ထိုင်းနိုင်ငံ Tak ခရိုင် မဲဆောက်မြို့ အနီးတွင် တည်ရှိပြီး မဲဆောက်မြို့သည် မူးယစ်ဆေး နှင့် အရက် ကုန်ကူးသည့်နေရာ ဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။
နယ်စပ် တလျှောက်ရှိ ဒုက္ခသည် စခန်း ၉ ခုရှိပြီး မယ်လ စခန်းက မိမိကိုယ်ကို သတ်သေရန် အားထုတ်မှု အရေအတွက် အများဆုံး ဖြစ်သည်ဟု သိရသည်။
သတ်သေရန် ကြိုးပမ်းသူ များမှာ အမျိုးသား၊ အမျိုးသမီး၊ လူငယ်နှင့် လူကြီး အားလုံးပါ ဝင်ပြီး အများစုမှာ ဒုက္ခသည် စခန်း ၏ ဇုန် (ဘီ) တွင် ဖြစ်ပွားခဲ့သည်ဟု ကရင် ဒုက္ခသည် ကော်မတီ (KRC) ၏ ပြောရေးဆိုခွင့် ရှိသူဖြစ်သော နော်ဘလူးမင်း နိုက်ဇာက ဧရာတီသို့ ပြောသည်။
စိတ်ကျရောဂါ နှင့် အရွယ်မတိုင်မီ လက်ထပ်ခြင်းတို့ကလည်း နောက်ထပ်အကြောင်းရင်းများ ဖြစ်သည်ဟု နော်ဘလူးမင်း နိုက်ဇာက ပြောသည်။
“ဒီလိုကိစ္စတွေကို ကာကွယ်နိုင်ဖို့ အတွက် ကျမတို့က ဒုက္ခသည်တွေကို ပညာပေးပါတယ်။ ဆွေးနွေးပွဲတွေ ကျင်းပပြီး အသိအမြင် မြင့်မားလာဖို့ အတွက် ပညာပေးဗီဒီယို တွေပြပါတယ်” ဟု သူက ပြောသည်။
ရွှေ့ပြောင်း အခြေချရခြင်းက မိမိကိုယ်ကို သတ်သေရခြင်း၏ အဓိကအကြောင်းရင်းဟု မယူဆကြောင်း စခန်းခေါင်းဆောင် များက ပြောကြသည်။ သို့သော်လည်း အရက်နှင့် မူးယစ်ဆေးက အဓိက ပြဿနာတခု ဖြစ်နေသည်။
KRC က ကရင်အမျိုးသမီးအဖွဲ့ (KWO) ကဲ့သို့သော အခြား အသိုင်းအဝိုင်း အခြေပြု အဖွဲ့အစည်းများ နှင့် အတူ ပညာပေး ရေးနှင့် သတိပြုမိစေရေးအတွက် လေ့ကျင့်သင်တန်းပေးမှုများ ပြုလုပ်ခဲ့သည်။
၂၀၁၇ ခုနှစ် အတွင်းတွင် ယခု အချိန်အထိ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှု ၂ ခု ဖြစ်ခဲ့ပြီး တမှုမှာ မယ်လ စခန်း တွင် ဖြစ်ပြီး နောက်တခုမှာ မယ်ဟောင်ဆောင် ခရိုင် အတွင်းရှိ မယ်ရာမူ ဒုက္ခသည် စခန်းတွင် ဖြစ်သည်ဟု နော်ဘလူးမင်းနိုက်ဇာက ပြောသည်။