အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြစ်စဉ်များတွင် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို အလုပ်ရှင်က မလိုက်နာဘဲ ဒဏ်ကြေးပေးဆောင်ကာ ပျက်ကွက်နေသည်ဟု အလုပ်သမား အရေး လှုပ်ရှားသူများက ပြောကြောင်း သိရှိရသည်။
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ၃၄ လမ်းရှိ မြန်မာဂျာနယ်လစ်ကွန်ရက်တွင် မတ်လ ၈ ရက်နေ့က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ တရားစွဲ အဖွဲ့ အစည်းနှင့် နိုင်ငံတကာကုမ္ပဏီအချို့၏ လွပ်လပ်စွာအသင်းအဖွဲ့များ ဖွဲ့စည်းခွင့်အပေါ် လေးစားမှု မရှိခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ယင်းသတင်းစာ ရှင်းလင်းပွဲကို ကျော်ထက်ကျော်ကုမ္ပဏီ၊ Runningtex အထည်ချုပ်စက်ရုံ၊ Unitedetx Oversea အထည်ချုပ် စက်ရုံတို့မှ အလုပ်ထုတ်ခံရသော အလုပ်သမားများနှင့် အလုပ်သမားအခွင့်အရေးလှုပ်ရှားမှု Action Labor Right တို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ခုံသမာဓိကောင်စီက အလုပ်သမားများကို ပြန်လည် ခန့်ထားရန် ၂၀၁၆ အောက်တိုဘာလအတွင်းက ဆုံးဖြတ်ချက်ချမှတ်ပေးခဲ့ပြီး ဆန့်ကျင်ပါက လုပ်ငန်းရှင်ကို တရားစွဲဆိုကာ ဒဏ်ကြေးငွေပေး ဆောင်စေရမည်ဟု အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေတွင် ပါရှိသည်။
လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမားများအား အလုပ်ပြန်လည်ခန့်အပ်ခြင်းမရှိဘဲ အလုပ်သမား တရားရုံး၌ ဒဏ်ကြေးငွေဆောင်ပြီးသည်နှင့် လုပ်ငန်းရှင်၏ တာဝန်ပြီးဆုံးပြီဖြစ်သဖြင့် အလုပ်သမားများ အခက်တွေ့နေကြောင်း Runningtex အထည်ချုပ်စက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ဒေါ်မိုးစန္ဒာမြင့်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“အလုပ်သမားကို အလုပ်ပြန်ခန့်ဖို့ တရားစွဲတာလား။ အလုပ်ပြန်ခန့်ဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်ကို မနာခံလို့ တရားစွဲတာလားဆိုတော့ ခုံသမာဓိဆုံးဖြတ်ချက်ကို မနာခံလို့ ဆိုပြီး တရားစွဲတာဆိုတော့ ညီမတို့က အလုပ်လည်း မရဘူး။ ကြားကာလနစ်နာကြေးလည်း မရဘူး”ဟု ၎င်းက ဆိုသည်။
ခုံသမာဓိ၏ ဆုံးဖြတ်ချက်ကို လုပ်ငန်းရှင်များက လေးစားလိုက်နာခြင်း မရှိသည်မှာ ဥပဒေ၏ အားနည်းချက်ကို အခွင့်ကောင်းယူပြီး အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းမှုအပေါ် အနှောင့်အယှက်ပြု နေကြောင်း အလုပ်သမား အခွင့်အရေးလှုပ်ရှားမှု (Action Labor Right) မှ ဒါရိုက်တာ ဦးသူရိန် အောင်က ပြောသည်။
“ကြိုက်တဲ့ ဆုံးဖြတ်ချက်ချ။ အလုပ်သမားကို ပြန်ခန့် ဆိုတဲ့ ဆုံးဖြတ်ချက်ချ။ ငါတို့မလိုက်နာဘူး။ ငါတို့ကို တရားစွဲ ၁၀ သိန်းပဲ ပေးရမယ်ဆိုတဲ့ လမ်းကြောင်းကို သူတို့က သိနေတယ်”ဟု ၎င်းက ပြောသည်။
အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ အခန်း (၈) ပုဒ်မ ၄၃ တွင် မည်သူမျှ တစ်ဦးချင်း အငြင်းပွားမှု သို့မဟုတ် စုပေါင်းအငြင်းပွားမှုနှင့် စပ်လျဉ်း၍ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်တွင် ချုပ်ဆိုခဲ့သည့် သဘောတူ စာချုပ်ပါ စည်းကမ်းချက်တခုခုကို လိုက်နာရန် သို့မဟုတ် ဆောင်ရွက်ရန် ပျက်ကွက်ခြင်းမရှိစေရ ဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် ပုဒ်မ ၄၈ (က) တွင် လိုက်နာရန် တာဝန်ရှိသူ မည်သူမဆို ပုဒ်မ ၄၃ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်အနည်းဆုံး ကျပ် ၁၀ သိန်း ချမှတ်ရမည်။ လျော်ကြေးပေးထိုက်သည့် အကြောင်းပေါ်ပေါက်ပါက တရားရုံးက ချမှတ်သည့် ငွေဒဏ်မှ သင့်လျော်သော ငွေကို လျော်ကြေးအဖြစ် နစ်နာသူအား ထုတ်ပေးရမည်ဟု ပြဋ္ဌာန်း ထားသည်။
အဆိုပါဥပဒေတွင် ငွေဒဏ်အပြင် ထောင်ဒဏ်ပါ ထည့်သွင်းပေးရန် အလုပ်သမားအရေး လှုပ်ရှားသူများက ၂၀၁၆ ခုနှစ်အတွင်း တောင်းဆိုခဲ့သေးသည်။