ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း၌ အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် တပ်မတော် တို့အကြား စစ်ရေးတင်းမာမှုဖြစ်ပွားနေကြောင်း သိရှိရသည်။
သီပေါမြို့နယ်၊ အုံမုကျေးရွာအုပ်စု အနီးရှိ RCSS/SSA တပ်စခန်းကို မတ်လ ၇ ရက်နေ့တွင် တပ်မတော် စစ်ကြောင်း က ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး၊ အဆိုပါ နေရာတွင် နှစ်ဘက်တပ်များ အကြား စစ်ရေး တင်းမာမှု ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း RCSS/SSA ၏ ပြောခွင့်ရ ပုဂ္ဂို ဒုဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည်။
ဒုဗိုလ်မှူးကြီး စိုင်းငင်း က “အစိုးရ စစ်ကြောင်းတွေကတော့ ကျနော်တို့ စစ်ကြောင်းတွေနဲ့ မလှမ်းမကမ်းမှာဘဲ အသင့် အနေ အထားနဲ့ လှုပ်လှုပ်ရှားရှားရှိတယ်လို့တော့ မြေပြင်သတင်းအရ ကျနော်တို့သိရပါတယ်။ ပုံမှန် အနေအထား မရောက်သေးဘူး။ ပစ်တာ ခတ်တာတော့ ဘာမှ မရှိသေးဘူး။ အသင့်အနေအထား အခြေအနေမှာတော့ ရှိတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်မဲမြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ လက်အောက်ခံ ခမရ ၅၀၂ နှင့် ခလရ ၂၄၃ တို့က RCSS/SSA တပ်စခန်းများကို မတ်လ ၇ ရက်နေ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အင်အား ၁၀၀ ကျော် ပါဝင်သည့် အစိုးရ စစ်ကြောင်းများနှင့် ၎င်းတို့အကြားလည်း အပြန်အလှန် ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း RCSS ဘက်က ရှင်းပြသည်။
RCSS/SSA အနေဖြင့် အဆိုပါ တိုက်ခိုက်မှု အကြောင်းအရင်းနှင့် ပတ်သက်ပြီး ဖြေရှင်းချက် ပေးရန်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးထံသို့ မတ်လ ၈ ရက်နေ့ က စာရေးသားပေးပို့ထားသကဲ့သို့ နှစ်ဘက် ပြေလည်မှုရရန် ပစ်ခတ် တိုက်ခိုက်မှု ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) တွင်လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
တပ်မတော်နှင့် RCSS/SSA တပ်များအကြား တိုက်ပွဲဖြစ်ပွားမှုသည် နယ်မြေသတ်မှတ်ရေး အခြေအနေနှင့် ပတ်သက်ကြောင်း အဆိုပါ တိုက်ပွဲ၌ နှစ်ဘက်လုံးတွင် အသေအပျောက် မရှိဟု စုံစမ်းသိရှိရကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMCU) အထောက်အကူပြု အလုပ်အဖွဲ့ ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦး က ပြောသည်။
ဒေါက်တာ မင်းဇော်ဦး က “RCSS နဲ့ တပ်မတော်အကြား လက်ရှိဖြစ်နေတဲ့ အခက်အခဲက နယ်မြေသတ်မှတ်တဲ့နေရာမှာ အမြင်ကွဲပြားမှုတွေရှိတယ်။ တပ်မတော် ဘက်က ၂၀၁၂ က ချုပ်ဆိုထားတဲ့ စာချုပ်ကို ကိုင်ထားပြီးတော့ အဲဒီစာချုပ်ထဲမှာပါတဲ့ နေရာသတ်မှတ်မှုက RCSS တပ်တွေအတွက် နေရာသတ်မှတ်ထားတယ်ဆိုတဲ့ ဟာနဲ့ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ RCSS ဘက်ကကြတော့ အဲဒီစာချုပ်ထဲမှာ ပါတဲ့ နေရာတွေက ဌာနချုပ်အတွက်သာ ဖြစ်တယ်။ ကျန်တဲ့နေရာတွေမှာ မပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့ အဓိပ္ပာယ်ဖွင့်ဆိုထားတာ ရှိတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးဖြစ်တာ” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အတူ အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) တွင် ဆွေးနွေးအဖြေရှာသွားရန် ပြင်ဆင်ထားပြီး ယင်းအဆင့်တွင် ပြေလည်မှု မရရှိပါက ပြည်ထောင်စု အဆင့်တွင် ထပ်မံဆွေးနွေး သွားမည်ဖြစ်ကြောင်း ဒေါက်တာ မင်းဇော်ဦး က ပြောသည်။
လက်ရှိအချိန်သည် အစိုးရနှင့် NCA လက်မှတ်မရေးထိုးရသေးသော ညီနောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို လက်မှတ်ရေးထိုးလာအောင် စည်းရုံးနေရသည့်အချိန်ကာလဖြစ်ပြီး ယခုကဲ့သို့ NCA ထိုးထားသော အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွား ခြင်းကြောင့် NCA မထိုးရသေးသောအဖွဲ့များကိုလည်း ရိုက်ခတ်မည်ကို စိုးရိမ်ကြောင်း ဒုဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည်။
“ကျနော်တို့ ထိုးပြီးသားအဖွဲ့ကြားမှာတောင် နည်းနည်း ယုံကြည်မှုတွေ လျှော့နည်းသွားတာပေါ့။ နောက်တချက်က အားလုံး သိတဲ့ အတိုင်းပဲ အစိုးရကနေအခု ၂၁ ရာစု ဒုတိယပင်လုံညီလာခံကို ကျင်းပဖို့လုံးပန်းနေတဲ့ အချိန်မှာ အခုလိုမျိုး ဝင်တိုက်တယ် ဆိုတော့ ထစ်ငေါ့၊ တစ်ဆို့မှုလေးတွေ ဖြစ်မှာပေါ့။ နောက်ပြီး NCA မထိုးရသေးတဲ့ အဖွဲ့တွေလည်း ဒီလိုတိုက်ပွဲဖြစ်တဲ့ အတွက်ကြောင့် ထိုးမလား၊ မထိုးဘူးလားဆိုတဲ့ စဉ်းစားစရာ အချက်လေးတွေ အများကြီး ဖြစ်ပေါ်လာမယ်လို့ ကျနော်မြင်တယ်” ဟု ဒုဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည်။
တပ်မတော်နှင့် RCSS/SSA တို့အကြား NCA ရေးထိုးပြီးသော်လည်း နယ်မြေသတ်မှတ်မှု ပြဿနာနှင့် ပတ်သက်ပြီး မကြာခန တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလဆန်းပိုင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် အတွင်းတွင် နှစ်ဘက်တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး JMCU မှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရသေးသည်။
RCSS/SSA အဖွဲ့သည် အစိုးရနှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် အတူ လက်မှတ် ရေးထိုးခဲ့သည့် အဖွဲ့ဖြစ်သည်။