၂၀၁၆- ၂၀၁၇ တက္ကသိုလ်ဝင် စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီး စာစစ်ဌာန ၁၈၀ ခု၌ မြန်မာစာ ဖြေဆိုသည့်နေ့တွင် စာမေးပွဲ ဝင်ရောက် ဖြေဆိုရန် ပျက်ကွက်သူ ၅၁၈၁ ဦးရှိပြီး ယခင်နှစ် မြန်မာစာ ဖြေဆိုသည့် ပျက်ကွက်မှုထက် ၈၁၅၆ ဦးခန့် လျော့နည်းခဲ့ကြောင်း သိရသည်။
“စာမေးပွဲကာလမှာ နှစ်စဉ် စာရင်းရှိ ကျောင်းသားတွေ အကုန်ဖြေဆိုနိုင်ခြင်း မရှိပါဘူး၊ ပျက်ကွက်မှုက နှစ်တိုင်း ရှိပါတယ်၊ ပျက်ကွက်တဲ့ ကျောင်းသားတွေက ပြင်ပဖြေ ကျောင်းသားတွေ အများဆုံးဖြစ်တယ်။ နှစ်သစ်အတန်းတက် ကလေးတွေ ပျက်ကွက်မှုက အလွန်နည်းပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ စိုးမြင့်ထွန်းက ပြောသည်။
ယခုနှစ် စာမေးပွဲတွင် ယမန်နှစ်ထက် ဖြေဆိုသူ ဦးရေ ပိုမိုများပြားသဖြင့် စာစစ်ဌာနများ တိုးချဲ့ ဖွင့်လှစ်ပေးခဲ့သည့်အပြင် မန္တလေး အထွေထွေ ရောဂါကုဆေးရုံနှင့် အိုးဘို အကျဉ်းထောင်တို့တွင် စာစစ်ဌာနများ သီးသန့်ဖွင့်လှစ် ဖြေဆို ခွင့်ပြုထားကြောင်း ၎င်းက ရှင်းပြသည်။
ယခုနှစ်တွင် စာမေးပွဲ ဖြေဆိုသူ ၉၅ ဒသမ ၇ ရာခိုင်နှုန်း ရှိကာ ပျက်ကွက်သူ ၄ ဒသမ ၉၃ ရှိခဲ့ကြောင်း၊ ယခင်နှစ်က မန္တလေးတိုင်းဒေသကြီးတွင် မြန်မာစာ ဖြေဆိုသည့်နေ့တွင် ၉၁၆၈၈ ဦး ဖြေဆိုခဲ့ကာ ပျက်ကွက်ဦးရေမှာ ၃၉၆၉ သာရှိခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၉၅ ဒသမ ၈၅ ရာခိုင်နှုန်း ဖြေဆိုကာ ပျက်ကွက်သူ ၄ ဒသမ ၁၅ ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူး ရုံးမှတ်တမ်းများအရ သိရသည်။
စာစစ်ဌာနများမှာ ပြင်ဦးလွင် ခရိုင် ၃၁ ခု၊ မန္တလေး ခရိုင်တွင် ၄၇ ခု၊ ကျောက်ဆည်ခရိုင် ၁၅ ခု၊ မိတ္ထီလာခရိုင် ၃၀ ခု၊ မြင်းခြံခရိုင် ၂၆ ခု၊ ညောင်ဦးခရိုင် ၁၈ ခု၊ ရမည်းသင်ခရိုင် ၁၃ ခု တို့ပြီး ဖြေဆိုခွင့်ရ ကျောင်းသား၊ ကျောင်းသူ ဦးရေ ၁၀၅၀၂၄ ဦး တွင် ၉၉၈၄၃ ဦးသာ ဝင်ရောက်ဖြေဆိုခဲ့ပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးစာစစ်ဌာနတွင် ၂ဦးနှင့် အိုးဘိုအကျဉ်းထောင် စာစစ်ဌာနတွင် ၁၁ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးမှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်းသည် ၅ နှစ်အတွင်း ၃၇ ဒသမ ၆၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး စံချိန်တင်ခဲ့ပြီး အောင်မြင်သူ ၃၂၅၅၁ ဦး ရှိခဲ့သည်ဟု သိရသည်။
ပဲခူးတိုင်းဒေသကြီးတွင်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့်ရသူ ၆၅၀၀၀ ဦးရေ ရှိသော်လည်း ၆၀၇၁၈ ဦးသာ လာရောက်ဖြေဆိုရာ ဦးရေ ၄၀၀၀ ကျော် ပျက်ကွက်ခဲ့ကြောင်း သိရသည်။