ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အတွင်း တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုတို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများအပါအဝင် ရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေကြကြောင်း သတင်းရရှိသည်။
လောက်ကိုင်ဒေသတွင် မတ်လ ၆ ရက်နေ့ က ဖြစ်ပွားခဲ့သော တိုက်ပွဲများအပြီး ဆက်တိုက်ထွက်ပြေးကြခြင်း ဖြစ်ပြီး လက်ရှိတွင် လူဦးရေ ၁၀၀၀ ကျော်မှာ တရုတ်-မြန်မာနယ်စပ်နှင့် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက် ခိုလှုံနေကြသလို ၂၀၀၀ ကျော်မှာလားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြသည်ဟုသိရသည်။
ယင်းဘုန်းကြီးကျောင်းမှ ဆရာတော် ဦးပညာနန္ဒက “ဘုန်းဘုန်းရဲ့ကျောင်းမှာတော့ ၂၀၀၀ ကျော်လောက် ရောက်နေပါတယ်။ ရောက်နေတာ ၄ ရက်လောက် ရှိကြပြီ။ ဒီမှာပြေးလာတဲ့ သူတွေက လောက်ကိုင်ဒေသခံတွေ နည်းတယ်။ ရွှေ့ပြောင်းလုပ်သားတွေ ပိုများပါတယ်” ဟု မိန့်သည်။
ထိုလူဦးရေ ၂၀၀၀ ကျော်မှာ မတ်လ ၆ ရက်မှ စ၍ ယနေ့အထိပြောင်းရွှေ့ လာကြသူများ ဖြစ်သည်ဟုဆရာတော် ကမိန့်သည်။
စစ်ဘေးရှောင်လာကြသူများကိုမန်ဆူဘုန်းကြီးကျောင်းက နေရာထိုင်ခင်းနှင့် စားရေးသောက်ရေး စီစဉ်ပေးနေပြီး လားရှိုးမြို့မှ လူမှုအရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ ကလည်း ကူညီထောက်ပံ့ ပေးနေကြောင်း ဦးပညာနန္ဒက မိန့်သည်။
လောက်ကိုင်မြို့သို့ လာရောက် ကူညီနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ မှ ကိုသန့်စင် ကလည်း “တရုတ် ပြည်ဘက်ကို ပြေးတာ၁၀၀၀ ကျော်လောက် ရှိတယ်။ ဒေသခံတွေလည်းပါတယ်။ ဒီမှာ အများစုက နိုင်ငံကူး စာအုပ်လေး ရှိကြတယ်လေ။ အဲဒါနဲ့ ကူးပြီး မိသားစုရှိတဲ့သူက တရုတ်မှာ ခဏရွှေ့နေတယ်”ဟု ပြောသည်။
တရုတ်နိုင်ငံသို့ကူးရန် နိုင်ငံကူးလက်မှတ် မရှိသူများမှာ တောလမ်းများမှတဆင့် ထွက်ပြေးကြရသည်ဟုလည်း သိရသည်။
မတ်လ ၆ ရက်၊ နံနက် ၁ နာရီဝန်းကျင်က လောက်ကိုင်မြို့အတွင်းသို့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု မှ တပ်ဖွဲ့ဝင်များဝင်ရောက်ကာ ကာစီနိုဝိုင်းများ၊ ဟိုတယ်များကို ဝင်စီးကာ တရုတ်-မြန်မာ နယ်စပ်ရှိ တပ်မတော် ဂိတ်များ၊ ရဲစခန်းများကို ဝင်ရောက် ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲများကြောင့် လောက်ကိုင်မြို့ အတွင်းရှိ ဟိုတယ်များ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ ရုံးများကို လုံခြုံရေးအရ ပိတ်လိုက်ရသဖြင့် အနယ်နယ် အရပ်ရပ်မှ လာရောက် အလုပ် လုပ်ကိုင်သူများ အနေဖြင့် နေထိုင်စရာ အခက်အခဲနှင့် လုံခြုံမှုမရှိတော့ခြင်းတို့ကြောင့် ထွက်ပြေးလာကြခြင်း ဖြစ်ပြီး ဒေသခံများမှာလည်း တိုက်ပွဲများကြောင့် ကြောက်ရွံ့ပြီး ထွက်ပြေးလာကြခြင်း ဖြစ်သည်ဟုသိရသည်။
လူမှုကူညီကယ်ဆယ်ရေး အဖွဲ့မှဦးစည်သူထွန်းက “ရွှေ့ပြောင်းလုပ်သားတွေထဲမှာ အညာဒေသက လူတွေ များတယ်။ ကြံခုတ်တာတို့ တခြားအလုပ်တွေလုပ်ကြတာ။ ကျနော်တို့ ကယ်ဆယ်ရေး အဖွဲ့ကတော့ လူမျိုး ဘာသာမရွေး ကူညီပါတယ်။ တချို့က ပြန်ဖို့ ကားအဆင်မပြေဘူး။ ငွေကြေးမရှိဘူး။ ဒါတွေကိုလည်း ကူပေးပါတယ်”ဟု ပြောသည်။
ဆက်လက်ပြီး “ဒီတခေါက်က ၂၀၁၅နဲ့ မတူဘူး။ အခုပစ်ခတ်တာဖြစ်တော့ တဖက်ကအရပ်ဝတ် တွေနဲ့ ဝင်လာပြီး ပစ်ခတ်ကြတာ ဆိုတော့ တပ်မတော်ဘက်ကလည်း လုံခြုံရေးက ပိုတင်းကျပ်ထားတယ်။ လူမှုကယ်ဆယ်ရေး အဖွဲ့တွေလည်း မနေ့ကမှ စတက်ကြတာ” ဟု၎င်းက ပြောသည်။
လောက်ကိုင်မြို့ရဲတပ်ဖွဲ့မှတာဝန်ရှိသူတဦးက လက်ရှိတွင် လောက်ကိုင်မြို့အတွင်း တပ်မတော်က လုံခြုံရေး တာဝန်ယူထားပြီးလောက်ကိုင်မြို့ပြင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ပြောသည်။
လောက်ကိုင်မြို့တွင်းမတ်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ယာဉ်ထိန်းရဲများ အပါအဝင် အရပ်သား ၁၀ ဦးသေဆုံးခဲ့ပြီး၊ မီးရှို့ထားသည့် အလောင်း ၂၀ ကိုလည်း တွေ့ရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး က သတင်းထုတ်ပြန်ထားသည်။
မတ်လ ၆ ရက်ကလောက်ကိုင်မြို့တွင်း၊ မြို့ပြင်နှင့် ရန်လုံကျိုင်းမြို့ တရုတ်-မြန်မာနယ်စပ်ဂိတ်တို့တွင် တိုက်ပွဲများ ၅ နေရာထက် မနည်း ဖြစ်ပွားခဲ့ပြီးမတ်လ ၇ရက်မှ စ၍ ယနေ့ထိလောက်ကိုင်မြို့နှင့် မော်ထိုက်မြို့တို့ အကြားရှိ တောင်ကြောများတွင် တပ်မတော်နှင့် MNDAA တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။
မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA ) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ပါဝင်သည်။
မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု က ၎င်းတို့ လှုပ်ရှားနယ်မြေများအတွင် တပ်မတော်က စစ်ရေးဖိအားပေးမှုများ လုပ်ဆောင်နေသဖြင့် မတ်လ ၆ ရက်တွင် လောက်ကိုင်မြို့ကိုဝင်ရောက် တိုက်ခိုက် ခြင်းဖြစ်သည်ဟုဆိုသည်။
၂၀၁၄ ခုနှစ်မြန်မာနိုင်ငံ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူထားမှု အချက်အလက်များအရ လောက်ကိုင်မြို့တွင် လူဦးရေ ၈၉၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။