ရန်ကုန်မြို့ အင်းဝ အပ်ချုပ်ဆိုင်အမှု ရုံးချိန်းတွင် တရားလို ကာယကံရှင် အိမ်အကူမိန်းကလေး ထွက်ဆိုချက်သည် သင်ပေးထားသည့်အတိုင်း ထွက်ဆိုနေသည်ဟု တရားပြိုင် ရှေ့နေက ဝေဖန်ပြောဆိုသည်။
အနောက်ပိုင်း ခရိုင် တရားရုံး၌ စစ်ဆေးခဲ့သည့် ယနေ့ရုံးချိန်းတွင် အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်များက အိမ်အကူ မိန်းကလေး၂ ဦးကို ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်ပြီး ကာယကံရှင် အိမ်အကူ မိန်းကလေးတဦးဖြစ်သူ မသဇင်ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
တရားပြိုင်ရှေ့နေ ဦးမျိုးညွန့်က “သူဖြေတာမှာ အရင်က မီဒီယာတွေမှာ ပြောတာနဲ့ အခုနဲ့ လွဲနေတာတွေ ရှိတယ်။ သင်ပေးထားသလို ပြောနေတယ်လို့ ယူဆတယ်။ ကျနော်တို့ကတော့ အပြစ်ရှိတဲ့ သူကိုလည်း မလွတ်စေချင်ဘူး။ အပြစ် မရှိတဲ့သူလည်း လွတ်အောင် ဆောင်ရွက်ပေးရတာပေါ့” ဟု ပြောသည်။
ရှေ့နေ ဦးမျိုးညွန့်သည် ဖမ်းဆီးတရားစွဲဆိုခံထားရသူ အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင် ၆ ဦးထဲမှ ဦးကိုလတ်နှင့် တင်မင်းလတ်တို့၏ ရှေ့နေဖြစ်ပြီး ယနေ့တရားခွင် အခြေအနေအပေါ် အထက်ပါကဲ့သို့ ဝေဖန် ပြောဆိုခြင်း ဖြစ်သည်။
အိမ်အကူ မိန်းကလေး မသဇင်ကို ယနေ့ တရားခွင်အတွင်း သီးသန့် အခန်းတခုတွင် နှစ်ဖက်ရှေ့နေများ အရှေ့တွင် စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ၎င်းရိုက်နှက်ခံခဲ့ရသည့် အခြေအနေများအပေါ် တရားပြိုင်ရှေ့နေများက မေးမြန်းမှုကို ဖြေကြား ပေးခြင်း ဖြစ်သည်။
အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်များအပေါ် တရားစွဲဆို ထားသည့် အမှုအားလုံး အတွက် ယနေ့ရုံးချိန်တွင် ကာယကံရှင် ဖြစ်သူ မသဇင်ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ စစ်ဆေးမေးမြန်းနေမှုကို တရားခွင်အတွင်းရှိ ဖမ်းဆီးခံ အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင်နှင့် တက်ရောက် နားထောင် သူများကို ပရောဂျက်တာဖြင့် ပြသ ပေးခဲ့သည်။
ယနေ့တရားခွင်သို့ တက်ရောက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကမူ “သူမက တကယ် ခံစား ခဲ့ရတာ ဖြစ်တဲ့အတွက် တဖက်ရှေ့နေတွေ မေးတာတွေကို ထိထိမိမိ ဖြေသွားနိုင်ပါတယ်။ ဘာမှ သင်ထားပေး တာ မရှိ ပါဘူး။ တရားသူကြီးကလည်း မျှမျှတတပဲ ဆောင်ရွက်ပေးနေပါတယ်” ဟု တရားခွင် အခြေအနေအပေါ် ပြောဆို သည်။
မသဇင်၏ အသက်အရွယ်နှင့် ပတ်သက်၍ ကလေးသူငယ် ဖြစ်ကြောင်းကို ခိုင်လုံသည့် သက်သေ အထောက်အထား ဖြစ်သည့် အိမ်ထောင်စုစာရင်း၊ ကျောင်းဝင် အမှတ် စသည့် အထောက်အထားများကို လတ်တလောတွင် တင်ပြ နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်များ၏ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အိမ်အကူ မိန်းကလေးတဦးဖြစ်သည့် မစန်းကေခိုင် တွင် လက်ချောင်း ၁၀ ချောင်းကျိုးသည့် ဒဏ်ရာ၊ လည်ပင်းတွင် ကတ်ကြေးဖြင့်ထိုးသည့် ဒဏ်ရာ စသည့် ဒဏ်ရာများ ရရှိခဲ့ပြီး မသဇင်၏ ကိုယ်ခန္ဓာတွင်လည်း ရိုက်နှက်ခံရသည့် ဒဏ်ရာများ ရရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိထားသည်။
အိမ်အကူမိန်းကလေး နှစ်ဦးကို ကိုယ်အင်္ဂါချို့ယွင်းသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့မှုဖြင့် အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် မိသားစုဝင် ၆ ဦးကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊ နာကျင်စေမှုတို့ဖြင့် ရဲတပ်ဖွဲ့နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့က ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အသက် ၁၆ နှစ်နှင့် ၁၇ နှစ်ခန့်အရွယ် မစန်းကေးခိုင်နှင့် မသဇင်တို့သည် ကော့မှူးမြို့နယ်၊ ဘောလုံးကွင်း ကျေးရွာ တွင် နေထိုင်သူများဖြစ်ပြီး အသက် ၁၀ နှစ်အရွယ်ခန့် ကတည်းက အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်များ ထံတွင် အိမ်အကူ အဖြစ် လာရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကာ ၂၀၁၆ ခုနှစ် သြဂုတ်လတွင်မှ ၎င်းတို့ ညှဉ်းပန်း နှိပ်စက်ခံရမှုကို Myanmar Now သတင်းဌာနမှ ဖော်ထုတ် ရေးသားခဲ့မှုကြောင့် ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦးရရှိသည့် လက်ချောင်းရိုးကျိုး ဒဏ်ရာများနှင့် ဒဏ်ရာ အမာရွတ်များအား ရန်ကုန်ပြည်သူ ဆေးရုံကြီးတွင် တက်ရောက် ခွဲစိတ် ကုသမှုခံယူခဲ့ပြီး လတ်တလောတွင် ဒဏ်ရာအခြေအနေများ သက်သာ ကောင်းမွန်လာပြီ ဖြစ် သည်။
အင်းဝ အပ်ချုပ်ဆိုင်အမှုနှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင် တရားရုံးတွင် အပတ်စဉ် အင်္ဂါနှင့် ကြာသပတေးနေ့တိုင်း စစ်ဆေးနေခြင်းဖြစ်ပြီး လာမည့်အပတ်ရုံးချိန်တွင် မစန်းကေခိုင်ကို စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။