အမှုအခင်းတချို့တွင် မျိုးဗီဇဆိုင်ရာ(DNA) စစ်ဆေးချက်ကို သက်သေခံဥပဒေ၊ အခြားတည်ဆဲ ဥပဒေပါ ပြဌာန်းချက်များ နဲ့ အညီ တရားရုံးသို့ သက်သေခံအဖြစ် တင်ပြလာပါက လက်ခံဆောင်ရွက် ပေးမည်ဖြစ်ကြောင်း တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးမြင့်အောင်က ပြောသည်။
“ဓာတုဗေဒဆိုင်ရာ အစီရင်ခံစာ၊ ဆရာဝန်ရဲ့ ဆေးဘက်ဆိုင်ရာ အစီရင်ခံစာ၊ လက်ရေးလက်မှတ် လက်ဗွေ ကျွမ်းကျင်သူ များ ရဲ့ ထင်မြင်ချက်များကို သက်သေခံဥပဒေ၊ ရာဇသတ်ကျင့်ထုံး ဥပဒေပါ ပြဌာန်းချက်များနဲ့အညီ သက်သေခံအဖြစ် တင်ပြ လာပါက မြန်မာနိုင်ငံ တရားရုံးများက သက်သေခံအဖြစ် လက်ခံ ကျင့်သုံးလျက်ရှိတယ်”ဟု တရားသူကြီးချုပ် ဦးမြင့်အောင်က မတ်လ ၉ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ပြောသည်။
သို့သော် တရားလွှတ်တော်ချုပ်က မြန်မာနိုင်ငံတွင် အမှုမည်မျှကို DNA စစ်ဆေးချက်ဖြင့် စစ်ဆေးခဲ့ပြီး အမိန့်ချမှတ် နိုင်ခဲ့ သည့် အခြေအနေကိုမူ ရှင်းလင်းပြောဆိုခြင်း မရှိပေ။
ယမန်နေ့က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၌ ဓာတုဗေဒ စစ်ဆေးရေး ဌာန၊ မျိုးဗီဇ (DNA) ဌာနခွဲကို ဖွင့်လှစ်၍ နိုင်ငံအနှံ့မှ မှုခင်းများကို DNA နမူနာများ စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိရာ မျိုးဗီဇ ဆိုင်ရာ ပါရဂူ၏ ထင်မြင်ချက်များအပေါ် တရားရုံးအသီးသီးက တရားစီရင်ရေး လုပ်ငန်းများတွင် သက်သေခံ ဥပဒေ အရ လက်ခံကြားနာ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ဦးဌေးဦးက “အခုချိန်အထိ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးလုပ်ငန်းမှာ မျိုးဗီဇ သိပ္ပံနည်းပညာကို အသုံးမပြုနိုင်သေးတဲ့ အတွက် အဝတ်အစားမှာ သုက်ပိုးတွေ့တာနဲ့ စွပ်စွဲခံရသူရဲ့သုက်ပိုး ဟုတ် မဟုတ် စစ်ဆေးနိုင်ခြင်း မရှိဘဲနဲ့ မုဒိမ်းမှုနဲ့ ပြစ်မှုထင်ရှား စီရင်ခဲ့တာလည်း အများကြီးရှိပြီး ဖြစ်ပါတယ်”ဟု ဆိုသည်။
DNA စစ်ဆေးမှုနှင့် ပတ်သက်ပြီး ရှေ့နေအဖြစ် နှစ် ၃၀ ခန့် အတွေ့အကြုံရှိသူ ရန်ကုန်မြို့မှ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “ကျနော်သိတာက DNA စစ်ချင်ရင် စင်ကာပူကို ပို့ရတယ်။ ဒေါ်လာ ၁၈၀၀၊ ၂၀၀၀ လောက် ကျတယ်။ တကယ် ဒီမှာ စစ်ပေးနိုင်ရင်တော့ ကောင်းတယ်။ ဒါပေမယ့် အစိုးရက DNA စစ်ပေးပြီး တရားရုံးက အမိန့်ချ လိုက်တယ် ဆိုတာ တခါမှတော့ မကြုံဘူးသေးဘူး” ဟု ပြောသည်။
မျိုးဗီဇပညာကို တရားစီရင်ရေးတွင် ကျင့်သုံးနိုင်ရန် တည်ဆဲသက်သေခံ ဥပဒေတွင် ပြဌာန်းထားပြီးဖြစ်၍ ဥပဒေတရပ်၊ နည်းဥပဒေ တရပ် ထပ်မံပြဌာန်းရန်မလိုုဘဲ အလွယ်တကူ ကျင့်သုံးနိုင်ပြီဖြစ်ကြောင်း၊ သက်သေခံဥပဒေ ပုဒ်မ ၄၅ တွင် သိပ္ပံပညာရပ်၊ ဝိဇ္ဇာပညာရပ်၊ လက်ရေးလက်သား ပညာရပ်ဆိုင်ရာ တတ်ကျွမ်း နားလည်သူများ၏ ဖော်ထုတ် တင်ပြ လာသည့် ထင်မြင်ချက်များသည် အမှုနှင့်သက်ဆိုင်သည်ဟု ပြဌာန်းထားပြီးဖြစ်ကြောင်း ဆိုသည်။
မျိုးဗီဇ စစ်ဆေးချက်ကို အင်္ဂလန်နိုင်ငံရှိ တရားရုံးများတွင် ၁၉၇၆ ခုနှစ်က စတင်ခဲ့ပြီး အမေရိကန်နိုင်ငံရှိ တရားရုံးများတွင် ၁၉၈၇ ခုနှစ်က စပြီးလည်းကောင်း သက်သေခံအဖြစ် လက်ခံ အသုံးပြုခဲ့ကြပြီး ယခုအခါ နိုင်ငံများစွာရှိ တရားရုံးများက လည်း သက်သေခံအဖြစ် လက်ခံ အသုံးပြုလျက်ရှိကြောင်း သိရသည်။