အနည်းဆုံး အခကြေးငွေ နှုန်းထားသစ် သတ်မှတ်နိုင်ရေးအတွက် ပြည်နယ်နှင့် တိုင်းအဆင့် ကော်မတီများ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မတ်လ ၈ ရက်နေ့က နေပြည်တော် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတွင် ပြုလုပ်သည့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသား ကော်မတီညှိနှိုင်း အစည်းအဝေး တက်ရောက်ခဲ့သူများက ပြောသည်။
“ရှေ့လုပ်ငန်းစဉ်ချတယ် ပြည်နယ်တိုင်းကော်မတီတွေဖွဲ့မယ်။ သုတေသန၊ စစ်တမ်းတွေကောက် အကြံပြု ကြမယ်။ သုံးသပ်မယ်။ အဲဒီလမ်းကြောင်းအတိုင်းပဲ ချမှတ်တယ်”ဟု အမျိုးသားအဆင့်ကော်မတီဝင် စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောသည်။
အနည်းဆုံး အခကြေးငွေ နှုန်းထားများသည် ဥပဒေအရ မဖြစ်မနေ ပြင်ဆင်ရမည့် အချိန် ဖြစ်နေ၍ သုတေသန လုပ်ငန်းများကို ပြည်နယ်နှင့် တိုင်းအလိုက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး အနည်းဆုံး လုပ်ခ လစာနှုန်းထားများ ကို သုတေသန ရလဒ်များ ရရှိပြီးမှ ဆွေးနွေး ညှိနှိုင်းမည်ဟု ကော်မတီဝင် ဒေါ်ခိုင်ဇာအောင်က ပြောသည်။
“ကော်မတီအနေနဲ့ ဖြစ်အောင်လုပ်ရမှာပါ။ ဥပဒေအရ နှစ်နှစ် တကြိမ် ပြင်ဆင် သတ်မှတ်ရမှာပါ။ ဒါနဲ့ ပတ်သက်ပြီး သုတေသနတွေလည်း လုပ်ရမှာပါ။ အလုပ်သမားတွေရဲ့ စားဝတ်နေရေး၊ ကုန်ဈေးနှုန်းတွေကို လေ့လာ သွားရမှာပါ။ ပြည်နယ်နဲ့ တိုင်းကော်မတီတွေ ဖွဲ့စည်းပြီးတာနဲ့ သုတေသနလုပ်ငန်းတွေ ဆက်လုပ်သွား ရမှာပါ” ဟု ၎င်းက ဆိုသည်။
အလုပ်သမားကိုယ်စားလှယ်များကလည်း ယခင်အစိုးရ လက်ထက်က သတ်မှတ်ခဲ့ပြီး ဖြစ်သည့် အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက် ၃၆၀၀ မှာ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ အထွေထွေ ကုန်ကျစရိတ်များ များပြားခြင်းတို့ကြောင့် မလောက်ငကြောင်း၊ နှုန်းထားသစ် တိုးမြှင့် သတ်မှတ်ပါက အဆင်ပြေနိုင်ကြောင်း ပြောဆိုကြသည်။
ဟန်ကျိုးပိုင်ရီ စက်ရုံမှ အလုပ်သမား ကိုအောင်ပြည့်ဖြိုးက “တနေ့ ၃၆၀၀ နဲ့ ဘယ်လိုမှ အဆင်မပြေ ကြဘူး။ လုပ်ခလစာ ပြောင်းလဲဖို့ဆိုရင် တိုးတာတော့ ပိုကောင်းတယ်။ ကုန်ဈေးနူန်းတွေက တက်နေတာကိုး” ဟု ကိုအောင်ပြည့်ဖြိုးက ပြောသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသား ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကလည်း ယခုနှစ် အတွင်း နှုန်းထားသစ် သတ်မှတ်နိုင်ရန် စီစဉ်မည်ဟု ပြောထားသည်။
အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများကို ၂၀၁၃ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။
အနည်းဆုံးအခကြေးငွေ နှုန်းထားကို ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် ပထမဦးဆုံး အကြိမ်အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နာရီလျှင် ၄၅၀ ကျပ်နှုန်း တစ်နေ့လျှင် အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃၆၀၀ နှုန်း သတ်မှတ် ထုတ်ပြန်ခဲ့သည်။