မတ်လ ၅ ရက်နေ့ ညနေပိုင်းက ဘင်္ဂလားပင်လယ်အော်အတွင်းတွင် လူ ၂၈ဦး သယ်ဆောင်လာသော လှေတစီးကို ရခိုင် ပြည်နယ်နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ လှည့်ကင်းက ဖမ်းဆီးခဲ့ပြီး ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်းမှနေ၍ မြန်မာ နိုင်ငံ ရေပိုင်နက်အတွင်းသို့ တရားမဝင် ခိုးဝင်လာသူများဖြစ်ကြောင်း မောင်တော ရဲစခန်းမှ အရာရှိတဦး ဖြစ်သည့် ဦးကျော် အေးလှိုင်က ပြောသည်။
ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေနှင့် စိန့်မာတင်ကျွန်းကြားမှ အကွာအဝေးက ၇၀ ကီလိုမီတာခန့် ရှိပါသည်။
အဖမ်းခံရသူများက သူတို့သည် မူလက စစ်တွေမြို့ပြင်ဘက်တွင်ရှိသော သဲချောင်းနှင့် ဘောဒူဘဒုက္ခသည်စခန်းများတွင် နေထိုင်သူများ ဖြစ်သည်ဟု ဆိုကြသည်။ သူတို့ထဲမှ အချို့သည် ဆေးဝါးကုသရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွား ရောက်ခဲ့ကြခြင်းဖြစ်ပြီး အချို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အလုပ်လုပ်နေသည်မှာ ၄ လ ခန့် ကြာမြင့်ခဲ့ပြီဟု ရဲစခန်းတွင် ထွက်ဆိုခဲ့ကြောင်း သိရသည်။
မောင်တောရဲစခန်းမှ ရဲအရာရှိ ဦးကျော်အေးလှိုင်ပြောပြချက်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၊ သတင်းထုတ်ပြန်ရေး ကော်မတီ၏ ကြေညာချက်အရ ဖမ်းဆီး ထိန်းသိမ်းခံထားရသူမှာ ၂၈ ဦး ဖြစ်သည်။
ဖမ်းဆီးထိန်းသိမ်းခံရသူများ အနက် ၅ ဦးမှာ ကလေးများ ဖြစ်ကြပြီး အသက် ၁၃ နှစ်နှင့် ၁၅ နှစ်ကြားဖြစ်ကြသည်ဟု အဆိုပါ ရဲအရာရှိက ပြောပါသည်။
မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မြဝင်းက “ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တရားမဝင်ခိုးဝင်လာတဲ့သူတွေကို ရံဖန် ရံခါ ဖမ်းဆီးရရှိတတ်ပါတယ်” ဟုပြောသည်။
ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် မွတ်စလင်များသည် ခရီးသွားလာရန် အာဏာပိုင်များထံမှ တရားဝင်ခွင့်ပြုချက် လို အပ်ပါသည်။ အထူးသဖြင့် ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီများထံမှ ဖြစ် သည်။
မိမိကိုယ်ကို ရိုဟင်ဂျာ မွတ်စလင်တဦးဟု ခံယူထားသည့့် စစ်တွေမြို့တွင် နေထိုင်သူ ဦးကျော်လှအောင်က အာဏာပိုင် များထံမှ ခရီးသွားလာခွင့် ပါမစ်တခု ရရှိနိုင်ရန် အလွန်ခက်ခဲကြောင်း ဧရာဝတီသို့ တယ်လီဖုန်းမှတဆင့် ပြောပြသည်။
လျှောက်ထားလိုသူများသည် ပထမဆုံးအနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲအဖွဲ့တို့၏ ထောက်ခံစာလိုအပ်ပါသည်။ ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားရောက်ကာ ပါမစ်လျှောက်ရသည်။ ယင်းအပြင် လျှောက်ထားသူ သွား ရောက်မည့် လိပ်စာနှင့် တည်းခိုမည့် အိမ်ရှင်၏ ထောက်ခံချက်ကိုလည်း တင်ပြရမည် ဖြစ်သည်။
ခရီးသွားလာခွင့်ရရှိရေး ပါမစ်လုပ်ငန်းစဉ်က ၃ လခန့်ကြာမြင့်နိုင်ပါသည်။ အကယ်၍ ခရီးသွားခွင့်ရရှိပါကလည်း ၄၅ ရက် သာ နေထိုင်ခွင့်ရမည်ဖြစ်သည်။ သတ်မှတ်ရက်ထက် ကျော်လွန်ပါက ဒုက္ခသည်များရော အိမ်ရှင်ပါ အရေးယူခံရနိုင်သည် ဟု ဦးကျော်လှအောင်က ပြောသည်။
“ဘယ်သူမှ ဒီလိုရှုပ်ထွေးတဲ့ ကိစ္စမှာ မပါချင်ကြဘူး” ဟု သူက ပြောသည်။ ထို့ကြောင့် (ရန်ကုန်မြို့မှ မွတ်စလင် အသိုင်း ဝိုင်းအတွင်းမှ အပါအဝင်) အချို့က ရခိုင်ပြည်နယ်ရှိ မွတ်စလင်ဒုက္ခသည်စခန်းများမှ မွတ်စလင်များ လွတ်လပ်စွာလှုပ်ရှား သွားလာခွင့်ကန့်သတ်မှုများကို ဖြေရှင်းပေးရန် ကြိုးစားနေကြခြင်းဖြစ်သည်။
ယင်းသို့ အတားအဆီးများကြောင့် ခရီးသွားလိုသူများ အထူးသဖြင့် ဆေးဝါးကုသလိုသူများ၏ ထွက်ပေါက်မှာ ဘင်္ဂလားဒေ့ ရှ် နိုင်ငံသို့ ဝင်ရောက်ရန် ပင်လယ်ပြင်ကို ဖြတ်သန်းခြင်းပင်ဖြစ်သည်ဟု ဦးကျော်လှအောင်က ရှင်းပြသည်။ သို့သော်လည်း တခါတရံ မြန်မာရေတပ်၏ ပစ်ခတ်ဖမ်းဆီးမှုနှင့်ကြုံတွေ့ရနိုင်သလို လှေလည်းနစ်မြုပ်နိုင်သည့်အတွက် အန္တရာယ်များသည် ဟု သူက ပြောပါသည်။
“ပါမစ်ရဖို့အတွက် ပိုက်ဆံမတတ်နိုင်တဲ့သူတွေက တရားမဝင်မှန်းသိပေမယ့် ပင်လယ်လမ်းက သွားဖို့ စတင်ရွေးချယ်လာ ကြပါတယ်” ဟု ဦးကျော်လှအောင်က ပြောသည်။
ပြီးခဲ့သည့် ၃ နှစ်တာအတွင်းတွင် လှည့်ကင်းအဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသူ ၁၆ ဦး ရှိပြီး ၎င်းတို့ကို မြန်မာနိုင်ငံ၏ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် အရေးယူခဲ့သည်။ ၎င်းတို့ကို ထောင်ဒဏ် ၁ နှစ်ခွဲစီ ချမှတ်ခဲ့ပြီး ၄ ဦးမှာ အ သက် ၁၀ နှစ်ဝန်းကျင်ကလေးများ ဖြစ်ကြသည်ဟု သိရပါသည်။
၂၀၁၆ ခုနှစ် ဧပြီလတွင် ဒုက္ခသည်စခန်းတခုရှိသည့် သဲချောင်းရွာအနီးတွင် လှေနစ်မြုပ်ခဲ့၍ ဒုက္ခသည် ၁၈ ဦးသေဆုံး၍ ၁၉ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ ၎င်းတို့က စစ်တွေတွင် ကုန်ပစ္စည်းဝယ်ယူရန် ပေါက်တောမြို့နယ်မှ လာကြသူများ ဖြစ်သည်။ အဆိုပါ ဒုက္ခသည်များက ခရီးသွားလာရန်အတွက် အာဏာပိုင်များထံမှ ခွင့်ပြုချက်ရထားခြင်း ရှိမရှိကို ရှင်းလင်းစွာ မသိရ ပေ။